နေရလည်းကြပ်၊ သေရလည်းကြပ်...

ခုတလော ခွေးအောင်နက်တကောင် တငိုင်ငိုင် တမှိုင်မှိုင်နဲ့  ၊ အစာလည်း ကောင်းကောင်းမစား ၊ ယိုင်နဲ့ နဲ့  ခွေးကတက်မှာ မိုးလင်း မိုးချုပ် ခွေကာသာ နေလာတာ ကြာပြီပေါ့ ။ သားရေး သမီးရေးလည်း စိတ်မဝင်စား ၊ မယားအရေး သကြားအရေးလည်း စိတ်မှာ မထား ၊ ဘုရား တရား အတွေးဆို ပိုလို့ တောင် ဝေးသေးပေါ့ ။ အိတ်ထဲမှာ ငါးပြားတောင် မရှိလို့  ဝါးတားတောင် မသောက်နိုင် ၊ မှောက်လိုက် လှန်လိုက် ခါးဆန့် လိုက်ဖြင့် သေချင်တယ် သေချင်တယ် ရယ်လို့ တအီအီသာ ညီးနေပါတော့သည် ။ ကြင်ယာဘက် မဟေသီ မယ်ဂုတ်ကျား ခမြာ မတော့ ၊ လက်ကျောမတင်း ကိုလူပျင်း ..အဲ့လေ.. ခွေးငပျင်း အောင်နက် ရဲ့  အိမ်ထောင်ဦးစီး မပီသမှုကြောင့် ၊ ရှိရှိသမျှ ခွေးမှု ဒုက္ခ အဝဝ နှင့် တမိသားစုလုံးရဲ့  စားဝတ်နေရေးကို ဒိုင်ခံ ဖြေရှင်းပေးနေရလေသည် ။
လှတာမက်တော့ ညစာခက်ပါပေါ့ လို့ ခုမှ သူမ တွေးမိသည် ။ ခွေးပျို ဘဝတုံးက စတိုင် အပြည့် ၊အမွှေးအရောင် တောက်ပြောင်စွာ နဲ့  အားမာန်အပြည့် နဲ့  ၊ တော်သလင်းလ ခွေးဗိုလ် လုပွဲတိုင်းမှာ အနိုင်ရခဲ့သော အောင်နက်၊ အမြီးတထောင်ထောင် ဟိုဟောင်လိုက် ဒီဟောင်လိုက် မာန်စွယ်ကြီး ဖြဲလို့  ၊ သရဲလဲ မကြောက် ၊ဂဲလဲ မကြောက် ၊ဝဲလဲ မပေါက် ၊ရပ်ကွက်ထဲ ခွေးပျိုမတွေ နဲ့  တကဲကဲ လုပ် ၊ ဟန်ပန်တွေထုတ် လို့  ပျိုတိုင်းကြိုက်တဲ့  နှင်းဆီခိုင် လို့  ဆိုနိုင်လောက်တဲ့  ဒီအောင်နက် ။ စကားချိုချို အကြွားပိုပို မို့  ၊ နဂိုလ်ရေ မစိုပြေ ၊ ညိုတိုတို ပုံတုံးကြီး မယ်ဂုတ်ကျား ခမျာ နှလုံးပီတိ ဂွမ်းဆီထိ သလို ဘဝင်ခိုက် ပါလို့  အရူးအမူးကြိုက်ကာ ခပ်မိုက်မိုက်ပဲ ပုံအပ်မိပေလေတော့ ကိုယ့်ထိုက်နဲ့  ကိုယ့်ကံ လို့ သာ သဘောထားလိုက်ရတော့သည်ပေါ့ ။
ညားကာစမှာတော့ မိုးမမြင် လေမမြင် အပျော်ကြီးပျော်လို့  ၊ အမှိုက်ပုံတကာ တိုးဝှေ့ ကာ ရှာစားရတာတောင် နတ်သုဒ္ဒါ တမျှ ထင်လှပါသည် ။ အိမ်ထောင်သက်ကလေး ရလာတော့ ၊ သားတွဲလောင်း သမီးတွဲလောင်း ပေမဲ့  ခင်ပွန်းကောင်း မပီသတဲ့  ကိုအောင်နက် မှာ အကျင့်ဟောင်းကို မဖျောက်ဖျက် ။ အရက်ကလေးပါ စွက်လိုက်သေး မို့  လင်ဆိုးမယား တဖါးဖါး ဆိုတာ ဂုတ်ကျားမ အတွက် ဆိုကာပင် ထားလေသလားလို့  ပင် သူ့ ကိုယ်သူ ထင်မှတ်လိုက်ပါတော့သည် ။
အခုလည်း ကြည့်လေ လင်တော်မောင် ကိုအောင်နက် ၊ မှိုင်တွေတွေ ငိုင်ပေပေ နဲ့  ခွေးကတက် က မဆင်းတော့ ။
“ကိုအောင်နက်ရေ .. ထပါအုံးတော့ ။ ရှင့်မလည်း တနေ့  တနေ့  ၊ ခွေးကတက်မှာ အခန့်သား ဆန့် လို့  ၊ဒါကြောင့်မို့ လဲ ၊ ခွေးမ ထမီနား ခိုစား နေတယ် လို့  အပြောခံ နေရတာ ” ဂုတ်ကျားမ က မထိ တထိ ရိလိုက်သည်။
“ဟ..သေချင်တယ်.... မင်းကလည်း .. ခုခေတ် မှာ ထမီနား ခိုစားတယ် လို့  ပြောလို့ မရတော့ဘူး ကွ ”
“ဘာလို့ လည်း ။ ရှင်က ဘာအလုပ်မှ မလုပ်ပဲ ပျင်းနေတာ ဒီလို မပြောလို့  ဘယ်လို ပြောရအုံးမှာလည်း ”
“ ခု ငါတို့  ရွှေပြည်ကြီးမှာ မင်းတို့  မိန်းမတွေ ။အဲ့ လေ ။ ခွေးမတွေ ထမီမှ မဝတ်ကြတော့ တာလေ ။ ဒီတော့ ငါ့ကို ထမီနား ခိုစားတယ် ပြောလို့  ဘယ်ရ မလဲကွ ”
“ ထားပါတော့ ရှင်နဲ့  စကားနိုင်လုမပြောချင်ဘူး ။ စားဖို့ သောက်ဖို့ က လုပ်ရ အုံးမယ် ။ မီးကလဲ မလာ ။ ရေကလဲ ပျက် နဲ့  အိမ်အလုပ်ကလေးများ ဝိုင်းလုပ်ပါအုံးလား ”
“ သေချင်တယ် ကွာ ၊ ဒီအလုပ်တွေ က မင်းတို့  အိမ်ရှင် မတွေ လုပ်ရမဲ့  အလုပ်ပဲ ဟာ ”
“ဘာသေချင်တာလဲ ။ ရှင့်လို သာ ထိုင်ညီး တိုင်း ၊ လုပ်စရာ အလုပ်တွေ ပြီးသွားမယ်ဆိုရင် ကျုပ်က ရှင့်ထက် ညီးတတ်သေးတယ် တော့ ။ တနေ့  တနေ့  ၊ ဈေးဝယ် .. အဲ့လေ အမှိုက်ပုံ သွားဆွဲ ။ ထမင်း ဟင်းချက် ။ တံမျက်စည်းလှည်း၊ အိမ်ရှင်း ။ အဝတ်လျှော် ။ မီးပူတိုက် ၊ တခုပြီး တခု ဇယ်ဆက်သလို လုပ်နေရတာ ”
“ အေးလေ ။ ဒါတွေက ငါ နဲ့ မှ မဆိုင်တာ ။ သေချင်တယ် ။ ဘာတွေ လာပြောနေမှန်းမသိ ။သောက်စရာ မရှိလို့  စိတ်ညစ်နေရတဲ့ အထဲ ကွာ..”
“ အော် ။ အလုပ် မလုပ် ပဲ ဘယ်က ပိုက်ဆံရ လို့  ဘာနဲ့သောက်ရ မှာတုံး ၊ သေချင်လဲ လွယ်ပါတယ် ။ အဆိပ်နဲ့ မခြားတဲ့  ချက် အရက်တွေ ၊ အင် အရက်တွေ များ . ပုံ လို့  ”
ဂုတ်ကျားမ တကယ် စိတ်ဆိုးနေမှန်း သိလို့  အောင်နက်ကြီး က စကားနဲ ရန်စဲ သဘောနဲ့ ဘာမှ ဆက်မပြောတော့ ။ လက်ထဲရှိ ရေဒီယို အဟောင်းလေးတလုံး ကို ဟိုလှည့်  ဒီလှည့် နဲ့  အာရုံပြောင်းလိုက်သည် ။ ဘောပွဲ နားထောင်လိုက် ၊ ချဲ လိုင်း ဖွင့်လိုက် နဲ့  ဂနာ မငြိမ် ဖြစ်နေသော အောင်နက်တကောင် ရုတ်တရက် ထ အူ လိုက်သဖြင့် ဂုတ်ကျားမ ခမျာ လန့်သွားရပြန်သည်။
“သေချင်တယ် ကွာ.. သေချင်တယ် ”
“ ဘာဖြစ်ရပြန်တာလဲ ကိုအောင်နက်ရယ် ”
“ ဟ . ငါလောင်းထားတဲ့ ဘောပွဲလေကွာ ၊ နာမယ်ကြီး နိုင်ငံခြားနည်းပြတွေ ခန့်ထားတဲ့ အသင်း ၊ အဲ့သဟာ လေ။ သူ့ဖက်က ထပ်လောင်းထားတာ ။ခုတော့... သေချင်တယ် ။ သုံးလုံးထီ လဲ ကပ်လွဲ လေးကွာ .. တောက် ”
အောင်နက်ကြီး တောက်တခေါက်ခေါက်ဖြင့် မချင့်မရဲ ရှိနေတော့ ဂုတ်ကျားမ က အကွက်ကောင်း ရတဲ့ မျက်နှာပေးနဲ့
“ အဲ့ဒါပြောတာပေါ့ ။ ဘောလုံး ဆိုမှ လုံး နေတာပေါ့ရှင့် ။ အမြဲနိုင် နေရမယ် လို့ ဘယ်သူဟောထားလို့်လဲ ။ ခုတလော ဘောပွဲတွေ ချဲထီတွေ တရားဝင်ထီတွေ လှိုင်လှိုင် လုပ်ပေးနေတာနဲ့ ကျေနပ်နေကြတာကိုး ။ နဲတောင် နဲသေး ။
ရွှေ ရွာသားတို့ များ ပွဲလမ်းသဘင်လေး ။ လောင်းကစားလေး တွေ့ လိုက်တာနဲ့ ၊ ဘုရားမေ့ တရားမေ့ ။ အကုန်မေ့တော့တာ ပဲ ။ ဒီကြားထဲ ခွေးမဒန်းလေးတွေ ရှိတဲ့  အနှိပ်ခန်း နဲ့  ကာရာအိုကေ နဲ့ စိုပြေအောင် လုပ်ထားပေးကြသေးသတော့်။ ”
“ ဘာဆိုင်လဲ ကွ ”
“ ဆိုင်ပါသော်ကောလား ။ ၂၀၁၀ ရောက် နေပြီ ရှင့် ။ ခုထိ နိုးနိုးကြားကြားမရှိသေးဘူး ။ ကိုယ့်ရွာ အရေးလည်း ကိုယ်ကြည့်လုပ်ကြအုံး မှပေါ့ ။ကားပါမစ်တွေ ချပေးမယ် ၊ဆိုတာနဲ့ တကတည်း ကျုပ်တို့ တပြည်လုံး သာယာစိုပြေသွားမှာ ကျနေတာပဲ ။ ဖုံးခ၊ မီးခတွေလည်း တက် ၊ အခွန်အတုတ်တွေကလည်း တိုးကောက်အုံးမတဲ့ ၊ အဆိုတော်တွေဆီက တောင် အခွန်တွေ ကောက်နေပြီဆိုလား... ”
“ သေချင်တယ် ဆိုမှ ကွာ ။ ငါ့တကောင်ထဲ နဲ့  ဆီ မထွက်ပါဘူး ။ အဲ့လေ နှမ်းတလုံး နဲ့  ဆီမထွက် ပါဘူး ”
“ ကဲ ..သေချင်တာ ထားအုံး နောက်မှ ။ ခုလောလောဆယ် ရှင် အောင် လုပ်ဖို့ သတိရအုံး ။ ဒီနေ့  နေ့လည် မီးပျက်မယ်။”
“ မီးပျက်တာများ အဆန်းလုပ်လို့  ပြောနေရသေးလား ။ မီးမလာရင် ရေလဲ မလာ ။ ဒီတော့ အဝတ်ကလေးလျှော် ၊ ရေလေးခပ် ။ သောက်ရေလေးဖြည့် ။အိမ်လေး ဘာလေးရှင်း လို့ ပြောအုံးမှာ မဟုတ်လား ၊ မင်းတို့  မိန်းမတွေ များကွာ၊ သေချင်တယ် ”
“ သိရင်လည်း ကျုပ် မပြောရခင် ကိုယ့် အသိနဲ့  ကိုယ်လုပ်ပါလား တော့် ”
အောင်နက်ကြီး မထချင် ထချင်ဖြင့် ပျင်းရိစွာ တလှမ်းချင်းလျှောက်၍ အိမ်နောက် သို့  လာပြီး မီးစက် အဖွင့် ..
“ သေချင်တယ် ကွာ ။ ဒီ မော်တာ ကလည်း ပျက်ရပြန်ပြီ ။ အလကား အသုံးမကျ တဲ့ တရုပ်စက် ၊ တရက်စုတ် ပဲ ။ပြင်ပြီးလဲ တရက် နဲ့ တင် ပြန်စုတ်ပါရောလား ။”
“ ကဲ ..ရှင်လဲ ဒီလို နဲ့ တရားအားထုတ် တရုပ်အားထား မနေနဲ့  ။ လက်မှု ပညာ တွေ တတ်ထားတာ ဘာလုပ်ဖို့ တုံး ။ ရေခပ်တာများ လက်နဲ့  ဆွဲတင်ပေါ့ တော့် ။ မီတာ တောင် အကုန် သက်သာသေး ။ မီတာခ တွေလည်း တက်ပြီးရင်း တက် နဲ့  ကျုပ်လဲ သေချင် လာပြီ ”
“ ဟ.. ငါ့စကားက မင့်ပါးစပ်ဖျားထိ ဓါတ်ကူးသွားပါရောလား ၊ မီးမလာ တဲ့ ည စောစောအိပ်ရတယ် လို့  အကောင်းဘက်ကလှည့်တွေးပါလား ကွ ၊ မီးပျက်တော့ မင်း ..သား နဲ့ သမီး အင်တာနက်လည်း ဝင်မဆော့ဖြစ်ကြတော့ မျက်စိပျက် သက်သာတယ်ကွာ ။ ပိုက်ဆံ ကုန် သက်သာတယ်ကွာ .. ”
“ကျုပ်က စကားအရ သာငြီး မိတာပါတော် ။ ကျုပ်တကယ်သေလို့ မဖြစ်သေးပါဘူး ။ ကျုပ်မရှိရင် ရှင့်လက်ထဲမှာ ကျုပ်သားနဲ့  သမီး သောင်ပြင်လွှတ်တဲ့  ခွေးစစ်စစ်ဖြစ်တော့မှာ မြင်ယောင်နေမိလို့  မသေနိုင်သေးဘူး ။ပြီးတော့ မရှိရတဲ့ အထဲ မသာစရိတ်လည်း တွေကလည်း တက်အုံးမတဲ့တော် ။”
“ ဟေ .. ဘယ်လိုတုံးကွ ရှင်းစမ်းပါအုံး ၊ ငါထင်နေတာက ခုတလော ပြည်သူပိုင်တွေကို ဟို ပုဂ္ဂိုလ်ကြီးများပိုင် အဖြစ် အလျှင်အမြန်ပြောင်းပစ်နေတဲ့ အထဲ ၊ ဒီ မသာလုပ်ငန်းကိုပါ သူ အပိုင်လုပ်ချင် နေပြီ မှတ်တာ ။”
“တော်ကလည်း လမ်းထိပ်လဖက်ရည်ဆိုင်မှာ တနေကုန် အလေလိုက်နေပြီး ဒါလေးတောင် မသိဘုးလား ၊ကဲရော့ ၊ ကျုပ်ကောက်လာတဲ့ သတင်းစာ အပိုင်းအစ ၊ ဒီမှာ ဖတ်ကြည့် ပါလား”
“ဂိန် ကိန် ကိန် . .. အောင်မလေး .. နေရကြပ် စားရကြပ်လို့ သေချင်ပါတယ် ဆိုကာမှ ခုတော့ သေဖို့ တောင် ခပ်ကြပ်ကြပ်ပါပဲလား ရှင်မရေ ၊ ငါသေရင် ဂင်္ဂါမြစ် .. အဲလေ.. လှိုင်မြစ်ထဲသာ ပစ်ချလိုက်ပါတော့ကွာ ။ ခွေးဖြစ်ရတဲ့ ဒုက္ခဗျာ ။ ”
“အေးလေ တော် ကျုပ်လည်း နောင်ဘဝဆက်တိုင်း ဒီလို နူရာဝဲစွဲ တဲ့  အိမ်သာဘေးရှင်း ခွေးမျိုး မဖြစ်ပါရစေ နဲ့ လို့  ဆုတောင်း နေတယ် ကိုအောင်နက်ရေ ..အာဝူးးးးး ”
ဒီနေရာမှ ရသော သတင်းတပုဒ်ပါ


































