အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Nov 4, 2009

နွား

လူ နဲ့ နီးစပ်တဲ့ သတ္တဝါတွေထဲ မှာ ခွေး ၊ မျောက် နဲ့  နွား တို့ ရှိတယ် ။ ခွေးက သစ္စာ ရှိလို့ ၊ အိမ်စောင့်လို့  ဆိုပြီး ချစ်ကြတယ် ။ ဒါပေမဲ့ ခွေးကျင့်ခွေးကြံ ကြံတယ်လို့လည်း လူတွေက ဆိုကြပြန်သေးတယ် ။ ခွေးဆိုတာ ခွေးလိုမကျင့် ခွေးလို မကြံပဲ ဘယ်လို ကျင့်ကြံစေချင်ကြတာလည်းတော့ မသိပါ ။ မျောက်ဆိုတာ လူနဲ့ ဘယ်လောက် နီးစပ်သလည်းဆိုတော့ လူဆိုတာ မျောက်ကဆင်းသက်လာတယ် လို့ တောင် အဆိုရှိသေးတယ် ၊ ဒါပေမဲ့ ခွေးမသားတို့  ၊ မျောက်မသား လို့ ဆိုပြီး လူတယောက်က တခြားတယောက်ကို ဆဲသလို ဆိုလိုက် ၊ပြောလိုက်တဲ့ အခါကျတော့လည်း နာတတ်ကြပြန် ပါသေးတယ် ။။ နွား .. နွားဆိုတဲ့ သတ္တဝါဟာ လူတွေခိုင်းသမျှလုပ်ရရှာလို့  သနားစရာ ကောင်းသလို ၊ကျေးဇူးတင်စရာ လည်းကောင်းပါတယ် ။ ဒါပေမဲ့ ခိုင်းတာတွေကြီး ဦးနှောက် မရှိစွာ လိုက် လုပ်နေတတ်တဲ့သူမျိုးကို နွားကျတယ် လို့ စောင်းပြောကြပြန်သေးတယ် ။ အဲ့ဒီလို ဆိုကြတဲ့ လူတွေက ခက်တာလား ။ အပြောခံရတဲ့ သတ္တဝါတွေက ခက်တာလား ။ လူတွေက ခက်နေကြတာပါ ။ သူတို့ တွေပဲ စကားပုံတွေ အမျိုးမျိုး ထွင်ပြီး လှည့်ပတ်သုံးစွဲ နေကြတာ မဟုတ်လားလေ ။ လျှာအရိုးမရှိတိုင်း မလိုတမျိုး ၊ လိုတမျိုး နဲ့ လိုရာဆွဲပြော နေကြတာ လူတွေပဲ မဟုတ်ပါလား ။
COW

ဒီတော့လည်း လူဖြစ်နေတဲ့ လူတယောက် အနေနဲ့ လူတွေ သုံးနေကြ နွား အကြောင်းတွေကို လူဖက်ကနေတွေးလိုက် ၊ နွားဖက်ကနေ တွေးလိုက် နဲ့ ကြားဖူးနားဝ စကားပုံတွေ ရောသမမွှေပြီး ယောက်ယက်ခပ်စွာ ရေးလိုက်မိတယ် ။

ကျားသနားမှ နွားချမ်းသာ ၊နွားဆိုတာ နွားပါပဲ
လယ်ထဲ ဗွက်ထဲ မိုးရေထဲ ၊ ရုန်းရကန်ရ လယ်ထွန်ရရှာ ၊
နဖါးကြိုး အထိုးခံရ သေး ၊ ပြေးချင်ရာ ပြေးလို့ မလွတ် ၊
ဒီဝဋ်ကြွေး သံသရာမအေး ၊ ပေးဆပ်ရင်း နေရမှာပေါ့ ။

ရွာနားကမြက် ရွာနွားမစား ဆိုမြန်း၍ နွားမဒါန်းပျို အလိုအရ ၊
နွားမရွှံ့ ပိတ်ကြိတ်မှိတ်ကာ မခံရစေ နဲ့ ၊ ကူသလို ကလူသလို သတိပေးရ၊
နွားကျကျ လူ့ ငတုံး ၊ နွားလိုသာ တသက်လုံးရုန်း ၊
ဘဝဆုံးထိ မချိပြုံးနဲ့  ၊ မောင်ဖုန်းတသိုက် နွားဇာတ်လိုက် ။

စည်းလုံးယိုင်းပင်း နွားအသင်းအအုပ် ၊တပြုတ်ပြုတ် နဲ့  ဖရိုဖရဲ ၊
နွားကွဲတော့ ကျားဆွဲနွားမိုက်တော့ ကျားကိုက်
ထိုနွားစရိုက် ကျားအကြိုက်ပေါ့ ၊
အမြင်မပြောင်းတဲ့ အမှား တဖန် ၊
အလစ်ချောင်းတဲ့ ကျားရန် ၊
အားသန်သန် နဲ့ ရှောင်ပါမနှေး ၊
ပြေးနိုင်မှ လွတ်မကွဲ့  ၊ သင်းကွဲ နွားလေး ။

ရှေ့ ဆောင်နွားလား ဖြောင့်ဖြောင့်သွားက၊
နောက်နွားစဉ်စိုက် ဖြောင့်ဖြောင့်လိုက်၏

ပညာ ရှိများဆိုစကားက ၊ထိုထို နွားများအား မှာကာကြားကြ ။

နွားရှေ့ ထွန်ကြူး ၊ ဆရာ့ထက် တပည့်ထူးတော့ ၊
ဒီဆရာ အာဏာရူး မကြိုက်ဖူးကွဲ့ ၊
ထွန်ကြူးတဲ့နွား ခက်ပါလား လို့ ၊ ညှိုးတေးကာထား မှတ်သားပြီးတော့
ငါ့စကား နွားရ ၊ မစားရ ဝခမန်း ၊ ရမ်းကာသန်းကာ ပြောပါပေါ့လား ၊
ငါ့နွားတကောင် ဘို့ တထောင်ကို ၊
အလကားလည်းရ ၊သွားဖြဲပြစေသေး ၊
နွားပိန်ထူ လူဝှေ့ မှာ စိုးရိမ်လို့ တဲ့လေး ။

ရွှေညာဏ်တော်စူးရောက် ၊ မူးမှောက်ကြတဲ့ ရွှေပလ္လင် ၊
အာဏာရှင် ဘုရင်မူး အဖို့ ၊ ဘိုးတော် ဗေဒင် ယုံချင်ချင်မို့ ၊
နေကြာ ကြက်ဆူ အပင် စိုက်ဖို့  ၊ အင်တိုက် အားတိုက် ၊ ကသုတ်ကရိုက် ။
ညာဏ်ကြီးရှင် ဒီဖက်ခေတ်မှာ နွားအားမှ လျှပ်စစ်ဖြစ်မတဲ့ ၊
ရေအားလျှပ်စစ် ဒီခေတ်ကုန်စေ တာမို့  ၊မီးကမလာ ဒို့ များခမျာ ၊
စီအင်ဂျီ တွေ ပြောင်းထဲ့ဖို့ တောင် မှောင်တောင်တောင် ဗျို့  ၊
ဆီဆိုင်မှာ တန်း ၊ နာရီတွေ အရမ်းပေါ့ ၊
ငိုလိုက်ချင်စမ်း တာတွေက ၊ ခါလီပြ တဲ့  တက္ကစီ များ ။

ူငါတို့ အဘ မဲပွပွက ၊ နွားပျို သန်လှ နွားအို ပေါင်ကျိုး တဲ့ဗျ ၊
တိုင်းကျိုး ပြည်ကျိုး ဆက်ကာပိုးမယ် ၊
နာဂစ်ဆိုးရဲ့ သနားစဖွယ် ၊ ၂ နှစ်အကြာမယ် ၂ခါတောင်သွားကာပြ ၊
သားကောင်း၊ ရ တာ နာ တို့  မှတ်လို့ သာထားကြ ဟ ၊
လိုအပ်သမျှ သူညွန်ပြတယ် ။
တ တလင်းဝယ် စပါးနယ်ကြ ၊ ဒီနွားလောက်တော့ သနားတယ် ကွ ။


အဓိပ္ပါယ် ရှင်းလင်းချက် ။
စီအင်ဂျီ =CNG ( Compressed Natural Gas )= ဓါတ်ဆီ ၊ ဒီဇယ်ဆီ ချွေတာရေးအတွက် အစားထိုး သုံးနေကြသော ဖိသိပ် သဘာဝဓါတ်ငွေ့ ရည် လောင်စာ တမျိုး ၊ အငှားကား ၊ လိုင်းကား၊ ဘတ်စ်ကား ကြီးများတွင် ထို ဓါတ်ငွေ့ ပြောင်းလဲ သုံးစေခြင်းဖြင့် ဘေးထွက်ဆိုးကျိုး အဖြစ် မတော်တဆ ပေါက်ကွဲ မီးလောင်မှုများ ဖြစ်ခဲ့ ကြရသည်။ ပြည်သူ့ အသက်များ မဆုံးရှူံးသင့်ပဲ ဆုံးရှုံး ခဲ့ ကြရသည် ။ထို ဓါတ်ငွေ့  ဖြည့်ပေးသော ဆိုင်အရေအတွက်မှာ အင်မတန်နည်းပါးပြီး လျှပ်စစ်မီး မလာသောကြောင့် ဓါတ်ငွေ့ ရည် မဖြည့်ပေးနိုင်ကြသည့် အတွက် အငှားကား ၊ လိုင်းကားများ မှ ဆိုင်တွင် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရပါသဖြင့် ကားပိုင်ရှင်များလည်း အချိန်ကုန် လူ ပန်း၊ အလုပ်မဖြစ် ၊ ခရီးသည်များမှာလည်း ဒုက္ခ ရောက်ရပြန်သည် ။

နွားပိန်ထူ လူဝှေ့  = ကျေးဇူးရှင်ကို ကျေးစွပ်သည် ဟူသော အဓိပ္ပါယ် ရသည် ။ပိန်ချုံးအားနည်း၍ လဲနေသောနွားကို စေတနာဖြင့် ထူမပေးသည့်အခါတွင် နွားကထူသူကိုပင် ပြန်၍ဝှေ့သည်ဟု ဆိုလိုသည်။ အရည်အချင်းချို့တဲ့သောသူကို ထောက်ပံ့ကူညီရာတွင် ကူညီသည်ကို ကျေးဇူးမတင်ဘဲ ပြန်၍စော်ကားကျေးစွပ် သည့်အခါတွင် သုံးနှုန်းသည်။ အရည်အချင်းနည်းပါးသူသည် ပို၍အန္တရာယ်ပြုတတ် သည်ဟုလည်းဆိုလိုသည်။

ဘဘဂျီး တိုင်းခန်းလှည့်တဲ့ သတင်းက ဒီမှာပါ



သားကောင်း ရတာနာ ။ နွားစကားပုံ နှင့်တော့ မဆိုင်ပါ ။ တမင်တကာ မှားရေးပေးလိုက်သည်ဟုယူဆရသော စာလုံးပေါင်း အမှား အတွက် အဖြစ်အပျက်မှန် ဤနေရာမှ သတင်းတခု အား သရော်စာ အမှတ်တရ တွင် မှတ်တမ်းတင်လို၍ သာ ဖြစ်ပါသည် ။
လောလောဆယ် တွေးမိသမျှ လေးများသာ ပါ။
သနားစရာ နွားသတ္တဝါများ အားဆက်လက်မှတ်တမ်းတင်ပေးနိုင်ပါသည် ။ ကျေးဇူးတင်ပါသည် ။

24 comments:

ahphyulay Wednesday, November 04, 2009 11:22:00 PM  

နေရာယူတတ်သူတွေကြီးစိုးတဲ့ တိုင်းပြည်ကလာသူမို့ နေရာယူ
လိုက်ဦးမယ်တစ်ဗျို့ 

ဝက်ဝံလေး Thursday, November 05, 2009 1:00:00 AM  

ဟက် သတင်းထဲက comment ပေးထားသလိုပဲ နော် သူ့မျက်နှာကြီးကြည့်ပြီး ဟိဟိ

မကိရေ ပိတ်တယ်ဆိုတော့ နောက်ဘဝကျရင် ပါတိတ် ဖြစ်မယ် နဲ့တူတယ်နော် ဟိဟိ ချေးပိုးထိုးကြီး ဟိဟိ

thawzin Thursday, November 05, 2009 1:48:00 AM  

အမလေး ကောင်းလိုက်တဲ့ ဖွဲ့ဆိုချက်တွေက ကာရံကို ကိုက်လို့ဗျာ။ သားကောင်း ရတာ နာ တယ်တဲ့။ သတ်သတ်ပဲမှားအောင် ရေးသလားမသိဘူးနော်။ ဒါပေမယ့် အလုပ်ပြုတ်သွားမှာတော့ သေချာတယ် စာစီတဲ့လူ။ နွားစကားပုံတွေ မှတ်သားသွားပါတယ်။ နွားလို ခန္ဓာသာ ထွားကြိုင်လာပြီး နွားချိုလောက်မှာ အသိတရား မ၀င်သေးရင်တော့ နွားလောက်များ တန်ဖိုးရှိကြမလားပဲ။ မှတ်သားစရာလေးတွေပါ ကျေးဇူးတင်ပါတယ်။

ဂျူနို Thursday, November 05, 2009 2:20:00 AM  

သမီး တကောင် နွားတထောင်တဲ့
မယ်ကိ လိမ်လိမ်မာမာနေ နော်


မအယ်

နှင်းနဲ့မာယာ Thursday, November 05, 2009 3:08:00 AM  

ခွေးလွှတ်ပေးပါကိရယ်
ကျားသနားမှ နွာချမ်းသားမှာ
နွားလေးလဲ ပါဂျဲရိုးလေး စီးချင်တာပေါ့....
ဒီတစ်ခါလေးပဲ ရတာနာမိတာပါ....

နှင်း

ကိုလူထွေး Thursday, November 05, 2009 4:10:00 AM  

"လူတွေ" လို့ ရေးတာကို "လူထွေး" လို့ပဲ ဖတ်မိနေတယ်...

ဖိုးစိန်ကလည်း "သက်ထွေး" တဲ့လေ...

းဝ)

ကိုလူထွေး Thursday, November 05, 2009 4:11:00 AM  

kiki ဆိုတဲ့ နာမည်ကို kowkow လို့ ပြင်လိုက်ပါလား...

းဝ)

ရွှေရတုမှတ်တမ်း Thursday, November 05, 2009 5:59:00 AM  

လှည်းကြိုးနဲ့ နွားသိုး တဲ့....
ခင်ဝက်ပုရွှေ ရဲ့ လှည်းကြိုး...ကိုကြီးကျောက်က မထမ်းဘူးနော်

ဂျပန်ကောင်လေး Thursday, November 05, 2009 8:18:00 AM  

ရှာကြံလည်းရေးတတ်ပါ့နော်...း)

မိုးခါး Thursday, November 05, 2009 8:20:00 AM  

မမကိကိကတော့လေ ...း)))

ရေတမာ Thursday, November 05, 2009 8:33:00 AM  

နွားတွေကြီးပဲ ဘာဖြစ်လို့လဲဟင်

rose of sharon Thursday, November 05, 2009 2:10:00 PM  

တော်လိုက်တာကွယ်... နွားစကားပုံတွေ စုံအောင်ကိုထည့်ရေးထားတော့တာဘဲ

Nge Naing Thursday, November 05, 2009 4:01:00 PM  

အိမ်က သားကတော့ သူ့ကို တချက်မှ ငြိမ်ငြိမ်မနေလို့ မျောက်နဲ့တူတယ်လို့ ပြောရင် နာဖို့နေနေသာသာ ပျော်မှပျော်ပဲ။ တိရိစ္ဆာန်ထဲမှာ မျောက်ကို အကြိုက်ဆုံးပဲတဲ့။

သားကြီး Thursday, November 05, 2009 4:09:00 PM  

၁ ဗျိုးးးးးး ၁
အဟဲ....နွားပိန်ကန် ကန်ကြည့်တာ

သားကြီး Thursday, November 05, 2009 4:10:00 PM  

၂ဗျိုးးးးး ၂
(မူးနေ၍မဟုတ်ပါ)
နွားပိန်ကန်ကန်ကြည့်တာ :P

သားကြီး Thursday, November 05, 2009 4:14:00 PM  

ဟုတ်တာပေါ့ အစ်မခိခိရာ
ခွေးဆိုမှတော့ခွေးကျင့်ခွေးကြံ ကြံဦးမှပေါ့
သဘာဝကျပါတယ်
အဲ...လူစင်စစ်ကနေခွေးကျင့်ခွေးကြံ ကြံတာကတော့ဆိုးတယ်
(လူစင်စစ်လို့သာပြောရတယ် လူလားခွေးလားသိပ်မကွဲပါ တချို့ကတော့သူတို့ကိုခွေးနဲ့နှိုင်းကြတယ် အဲလိုနှိုင်းတာတောင် ခွေးဘက်ကနာသေးလို့တချို့ကပြောကြ
တယ်
ရှက်တတ်ရင်လဲသေလိုက်ကြဖို့ပဲရှိတော့
တယ်
ပြောသာပြောရတာ...အရှက်မရှိလို့ပဲ မျက်နှာပြောင်တိုက်ပြီးတိုင်းပြည်ကိုထင်
တိုင်းကြဲနေကြတာကြာပါပေါ့)

သားကြီး Thursday, November 05, 2009 4:15:00 PM  

ယူနီဖောင်းဝတ်တွေကိုပြောလိုက်ပါ
ဘုရင်ရူးသိပ်မရူးချင်ပါနဲ့ နို့မို့ရင်သားကြီးနဲ့နပန်းဖက်လုံးနေရလိမ့်မယ် :P

သားကြီး Thursday, November 05, 2009 4:19:00 PM  

ရှေ့ကနွားကဖြောင့်ဖြောင့်မသွားတော့ နောက်ကနွားတွေပါလိုက်ကောက်ကုန်တယ်
အဲလိုနဲ့ပဲ သားကြီးဆိုတဲ့ကောင်ဒီနိုင်ငံမှာကျွန်လာဖြစ်ရတယ်
သွားလေသူနွားကြီးကတော့ခုလောက်ဆိုငရဲ
ဒယ်အိုးမှာအပြန်တစ်သောင်းလောက်ကြော်
လှော်ခံထိနေလောက်ပြီ
ရှိလေသူဒီနွားကတော့ ဘယ်တော့လိုက်ရမလဲမသိဘူး
ခုထိတော့မိုက်ကောင်းတုန်း
ရှေးဟောင်းသီချင်းတစ်ပုဒ်ထဲကလိုပဲ
.....မြင်ယောင်မိပါသေးတယ်......
.....မြင်ယောင်မိပါသေးတယ်......
....
အဲလိုပဲဆိုရတော့မယ်။

သားကြီး Thursday, November 05, 2009 4:21:00 PM  

“ဘွတ်အဲ”
...အဲလေ.... ယောင်ကုန်ပြီ :P
“ဘိုင်းဘိုင်နော်”လို့ပြောမလို့ပါ...
နွားဋ္ဋီကာတွေဖတ်ရင်းရောယောင်သွားပြီ အဟိ

လသာည Thursday, November 05, 2009 4:46:00 PM  

ဟားဟား
အရမ်းတော်တာပဲ ဖတ်ကောင်းလိုက်တဲ့ နွားဋီကာလေး။
အပိုကြော်ငြာလေးတွေပါ ငင်ကြည့်သွားတယ် သိလား :))စိတ်ဝင်စားစရာကောင်းတယ်

ahphyulay Friday, November 06, 2009 9:48:00 AM  

နောက်တစ်ခေါက်ပြန်ဝင်လာဖြစ်တယ်။
နှစ်နှစ်ကြာလို့ နှစ်ခေါက်ရောက်တာတော်သေးတာပေါ့ ။
တစ်ခေါက်မှမရောက်တာထက်စာရင်လေ။
သူတို့ မှာတည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ဒီလောက်အလုပ်
များနေတာ။မအား.ဖြစ်နေတာလေ။(အာဏာတည်ဆောက်ရေး)ပါ။
အမကို ဒါမျိုးတွေ မရေးပါနဲ့ လို့ ပြောပြောနေတာနော်...

ဧပရယ်လ်ပူး@ပူးတေ Friday, November 06, 2009 10:09:00 AM  

သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်တဲ့။ သူတို့မှာဆွေမျိုး တသောင်းလောက်တော့ မရှိနိုင်ဘူးထင်တယ်။ ဟင် ဘာမှလဲမဆိုင်ဘူး။ နွားအကြောင်းပြောနေတာ ငှက်အကြောင်းရောက်သွားတယ်။ :) ၃၈ ဖြာ မင်္ဂလာတရားထဲမှာ အဆွေအမျိုးတို့ကိုထောက်ပံ့ခြင်းသည်မင်္ဂလာတပါးတဲ့။ သူတို့လဲ မင်္ဂလာတရားနဲ့ ညီအောင်နေ နေကြတာပါ မမကိရဲ့ ။ ဟီး ကားပြာလေးအသံကြားသလိုပဲ :(

ဓါးထက်ထက်,  Friday, November 06, 2009 5:21:00 PM  

အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်း အမေနဲ့  အမ နှမတွေက ဂုဏ်ပြုကြလို့  နွားဆိုတဲ့  ဂုဏ်ပုဒ်တခုထပ်တိုးလာတယ် မကိပြောတဲ့ နွားတွေနဲ့ တော့သိပ်မဆိုင်ပါဘူး ဘာလို့ လဲဆိုတော့  တိရိစ္ဆာန်နွားတွေက ငိုတယ်တဲ့  သူတို့ တဲ့ မနှိုင်းပါနဲ့ တဲ့  ၀မ်းနည်းလွန်းလို့ ဆိုဘဲ ခင်တဲ့  ဓါးထက်ထက်

အနမ်း Saturday, November 07, 2009 5:35:00 PM  

နွား အလှည့်ကျပြန်ပြီလား။ အလကားနေ ခွေး၊ မျောက်၊ ၀က်၊ နွား တို့ နဲ့ ပဲပြောနေတယ်။ သတ္တ၀ါတွေသနား ပါတယ်။ သူတို့ လည်းမပြောနိုင်လို့ ပါကွယ်.......

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP