အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Dec 5, 2009

ရွှေရတု မွေးနေ့ ဆုတောင်း...

အရှေ့တောင်အာရှ လူ့ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ စင်သီယာမောင် ၏ ရွှေရတု မွေးနေ့ သဘင် ပွဲကို ၊ ယနေ့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ၌ ထိုင်း မြန်မာ နယ်စပ် မဲဆောက်မြို့ ရှိ မယ်တော် ဆေးခန်း တွင်ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည် ။
ဒေါက်တာ စင်သီယာမောင် သည် သူ၏ ဤ အနှစ် ၅၀ သက်တမ်း အတွင်းတွင် အနှစ် ၂၀ကျော်ကို၊ ဒုက္ခမျိုးစုံ ခံစား နေကြ ရသော တိုင်းရင်းသားလူမျိုးများ၏ ကျန်းမာရေး ၊ လူမှုရေး ၊ ပညာရေးများအတွက်စေတနာ အရင်းခံကာ မိမိ ဘဝတခုလုံးအား ရင်းနှီး ပေးဆပ် အနစ်နာခံ ဆောင်ရွက်ခဲ့ သူဖြစ်ပါ၍ လေးစားအပ်သော ပုဂ္ဂိုလ် တဦး ဖြစ်ပါသည် ။ ယနေ့ မှာ ကျရောက်သော ဆရာမကြီး ၏ ရွှေရတု မွေးနေ့  မှ နောင် နှစ်ပေါင်း များစွာ ကြာသည့် တိုင် ကိုယ်စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်း၍ အများအကျိုးကို ဆထက်တန်ဘိုး တိုး၍ ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် ။





ဆရာမကြီး၏ အတုယူဘွယ်ရာ အနစ်နာခံ ဆောင်ရွက်ချက်များ နှင့် ဖြတ်သန်းခဲ့ရသော ဘဝ ဖြစ်စဉ် အကျဉ်းချုပ်အား ယခင်က ရေးသားထား ခဲ့ဖူး သည့် အထဲမှာ အမှတ်တရ အဖြစ် ပြန်လည် ဖေါ်ပြပေးလိုက်ပါသည် ။


အရှေ့တောင်အာရှ လူ့ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာစင်သီယာမောင်(မယ်တော်ဆေးခန်း)

သူမ ဟာ မျိုးချစ်စိတ် ရှိသော ကရင်တိုင်းရင်းသူတယောက် ။ သူမ တတ်ကျွမ်းထားသော အသက်ကယ် ဆေးပညာ ဖြင့် တဦးတယောက် ချမ်းသာရေးအတွက် မြို့ ကြီးပြကြီးမှာ တွယ်ကပ် ပြီး စီးပွားရေးဆန်သော ဆေးခန်း၊ဆေးရုံကြီးများ မဖွင့် ၊မလုပ်ခဲ့  ။ ဝေးလံခေါင်ဖျား နယ်စပ်ဒေသတွင် အခြေအနေ အရ ခိုလှုံ နေထိုင်ကြရသော တိုင်းရင်းသား ဒုက္ခသည်များ အတွက် လိုအပ်သော ကျန်းမာရေး ၊ လူမှုရေး ၊ ပညာရေး အစရှိသဖြင့် ကြိုးပမ်း စောင့်ရှောက် ပေးနေခဲ့သည် မှာ အနှစ် ၂၀ ကျော်ခဲ့ ပြီ ဖြစ်သည် ။
သူမသည် လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့ သော ခေါင်းဆောင်ကြီးတဦးတော့ မဟုတ်ခဲ့ ။ အချုပ်နှောင်လည်း မခံခဲ့ရဖူး ပေမဲ့ သူမထံမှာ အားကျဖွယ် ၊ အတုယူဖွယ်ရာ အရည်အချင်းနှင့် စိတ်ဓါတ် မျိုး ရှိနေခဲ့သည် ။ ဒါကြောင့် သူမ ကိုလည်း လေးစားရသော တိုင်းရင်းသား တယောက်အဖြစ် အကျွန်ုပ် မှတ်တမ်းတင်မိပါသည် ။

သူမရဲ့ ဘဝအကြောင်း အကျဉ်းချုပ်ပြောရမည်ဆိုလျှင် သူမအား မိဘနှစ်ပါး ဖြစ်သည့် (ဦး) မန်းငြိမ်းမောင် နှင့် (ဒေါ်) နမ့်လှကြည် တို့ မှ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့ တွင် ရန်ကုန်တိုင်း အင်းစိန် မြို့ နယ် ဆေးရုံမှာ မွေးဖွားခဲ့ ပါသည် ။ မွေးချင်း ၇ ယောက်တွင် တတိယမြောက် ဖြစ်ပြီး ခရစ်ယာန်ဘာသာ ကို ကိုးကွယ် ပါသည် ။ ဖခင်ဖြစ်သူမှာ ကျန်းမာရေးမှူးတယောက်ဖြစ် ၍ တာဝန်ကျရာ အရပ်များသို့ ပြောင်းရွှေ့ နေထိုင်ရင်း ၃-၄ နှစ်သမီး အရွယ်တွင် မော်လမြိုင်မြို့ မှာ အခြေစိုက် နေထိုင်ခဲ့ကြသည်။
အထက်တန်း အောင်မြင် အပြီး ၁၉၈၀ခုနှစ်မှာ ဆေးကျောင်းတက်ပြီး အလုပ်သင်ဆရာဝန် အဖြစ် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။
သူမသည် ကျောင်းသူဘဝ တလျှောက်လုံးကို သာမန် အတိုင်းသာ ဖြတ်သန်းခဲ့ သည် ။ မည်သည့်နိုင်ငံရေးကိုမှ စိတ်ပါဝင်စား လုပ်ဆောင်ခဲ့ ခြင်းမရှိပါ ။အလုပ်သင်ဆရာဝန်ဘဝ မှာတွေ့  မြင်ခဲ့ ရသော လူနာများအတွက် ဆေးမရှိ ခြင်း ၊ ဆရာဝန် ၊ ဆရာမများ ရတဲ့ လခဖြင့်စားမလောက်၍ အပြင်ဆေးခန်းများတွင် သွားရောက်လုပ်ကိုင်ရခြင်းကြောင့် ဆေးရုံမှာ ဆရာဝန် မရှိခြင်း အစရှိသည် တို့ ကို တွေ့ မြင် သိရှိလာရသည် ။
ဤအချိန်တွင် မဆလ အစိုးရမှ ငွေစက္ကူ တချို့ ကို တရားမဝင် ကြေငြာခဲ့ ၍ ကျောင်းသားလှုပ်ရှားမှုများ တက္ကသိုလ် အသီးသီင်္းတွင် ပေါ်ပေါက်လာပြီး တိုင်းပြည် မငြိမ် မသက်ဖြစ်လာခဲ့သည် ။ထို အချိန်တွင် မိခင်ဆုံးပါးခဲ့သည် ။ ထို့ နောက် ၈၈၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံပေါ်ပေါက်လာစဉ် အချိန်မှာ သူမသည် ကရင်ပြည်နယ် အိန္ဒုကျေးရွာ တွင် ဆေးခန်းဖွင့်နေချိန် ဖြစ်သည် ။

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံအား စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းပြီး အာဏာသိမ်းလိုက်သည့် နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများထဲတွင် သူမလည်း အပါအဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့  မှာ လက်ရှိမယ်တော်ဆေးခန်းအား စတင်တည်ထောင်ခဲ့သည်။ လူ (၆) ဦးဖြင့် စခဲ့သည့် မယ်တော်ဆေးခန်းမှာ ယခုအခါ အထူးသဖြင့် ထိုင်းနိုင်ငံတွင်း အလုပ်လာလုပ်ကြသည့် မြန်မာအလုပ်သမားများနှင့် ဒေသ အတွင်းရောက် မြန်မာဒုက္ခသည်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် နေ့စဉ်လူနာ (၃၀၀) ခန့်အား ဆေးဝါးကုသပေးလျက်ရှိပါသည်။
ယခုအခါဆေးခန်းတွင် ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွားခန်း၊ သွေးလှူဌာန၊ မျက်စိဌာနနှင့် ခြေတုလက်တု တပ်ဆင်ရေးဌာန များဖွင့်လှစ်ထားပြီး နေ့စဉ် ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည်။
အထူးသဖြင့် မြန်မာစစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်များ၊ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ထိုင်းနိုင်ငံနယ်စပ်များတွင် လာရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ကျန်းမာရေးအတွက် မယ်တော်ဆေးခန်းကို အဓိကအား ကိုးအားထား ပြု နေကြရသည်။

ထိုင်းနိုင်ငံ Nation Media Group မှ ကမကထပြု၍ လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူများအား အမိမြေကိုယ်စား အလုပ်လုပ်သူများဆုကို ချီးမြှင့်ရာ တာ့ခ်ခရိုင်အတွက် ဆုရှင်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင် မှာ ၂၀၀၈ ဒီဇင်ဘာ လ(၁၁) ရက်နေ့ က ဆုချီးမြှင့်ခြင်းခံ ခဲ့ရသည်။

ထိုင်းဘုရင်မင်းမြတ် မိန့်ကြားခဲ့သည့်မိန့်ခွန်းတွင် “လူတိုင်းလူတိုင်း ကောင်းတာတွေ လုပ်ကြဖို့၊ လူတယောက် ကောင်းမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတခုလုံးကို အများကြီး အကျိုးရှိစေတယ်” ဟု မိန့်ကြားခဲ့သည်ကို လေး စားဂုဏ်ပြုသောအားဖြင့် နိုင်ငံအတွက် လူတော်လူကောင်းများ ထပ်မံပေါ်ပေါက်လာစေရေး ရည်ရွယ်ချက် ဖြင့် ယခုဆုအား ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း Nation Media Group ၏ကြေညာချက်တွင် ဖော်ပြထားပါသည်။

ဒေါက်တာစင်သီယာမောင်သည် အာရှနိုဘယ်လ်ဆုဟု ခေါ်သည့် ရေမွန်မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထားသည့် ဆုပေါင်း (၁၅) ဆု ရရှိထားပြီးဖြစ်ပါသည်။

သူဟာ နိုင်ငံရေးသမား တဦး မဟုတ်ခဲ့ပါ ။ ဘဝ ကို ရိုးရိုးစင်းစင်း ဖြတ်ကျော် လာခဲ့ပြီး သူ လုပ်သင့် လုပ်ထိုက် တာများကို ကိုယ်ကျိုး မဖက် အားတက်သရော လုပ်ဆောင်ခဲ့တာဖြစ်ပါသည် ။ ဒုက္ခ ရောက်နေကြသော မြန်မာ နိုင်ငံသားများ အတွက် စိတ်ထားဖြူစင်စွာဖြင့် သူတတ် ကျွမ်းထားသော အသက်ကယ်ပညာဖြင့် သူ့ ဘဝ ကို ပေးဆပ်နေသူတဦး ဖြစ်ပါသည် ။အခက်အခဲများစွာ တွေ့ ခဲ့ရပေမဲ့ ဇွဲမလျှော့ ခဲ့ပါ ။ ယခုထိတိုင် မိမိ တတ်ကျွမ်းသော မွန်မြတ်လှသည့် ဆေးပညာ ဖြင့် စေတနာ အရင်းခံ ကာ တောကြို အုံကြား တွင် မတတ်သာ၍ နေထိုင်ကြရသော ဆင်းရဲ ပြီး ကျန်းမာရေး၊ပညာရေး ချို့ တဲ့သော ဒုက္ခသည် များ နှင့် လက်ရည်တပြင်တည်း နေထိုင်လျှက် လူသား ဆန်သော ဆရာဝန် တဦး အနေဖြင့် တာဝန်ကျေပွန် လျှက် ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလျှက် ရှိနေပါသည် ။
ချစ်ခင် လေးစားရပါသော ဆရာမကြီး ဒေါက်တာ စင်သီယာမောင် ကိုယ်စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်းပြီး အများအကျိုးကို ဆထက် တန်ဘိုး တိုးကာ ထမ်းဆောင် နိုင်ပါစေကြောင်း ထပ်လောင်း၍ ဆုမွန်ကောင်းတောင်းအပ်ပါသည် ။


ကိုးကား စာရင်း။ ။
http://www.khitpyaingnews.org/news/july09/210709b.php
http://parsethan.wordpress.com/2008/

11 comments:

တောင်ပေါ်သား Sunday, December 06, 2009 3:53:00 AM  

မကြီးရေ ဆရာမအတွက် ဂုဏ်ယူပါတယ် ။ ဆရာမရဲ့ မွေးနေ့လေးမှသည် ချစ်သော မိသားစုနဲ့အတူ ဒုက္ခရောက်နေသော ပြည်သူတွေကို ဒီထက်မက စောင့်ရှောက်နိုင်ပါစေလို့၊ ချစ်သောမိသားစုနဲ့ လိုအပ်ချက်များ အမြဲပြည့်စုံပါစေလို့ ရင်ထဲက ဆုတောင်းပေးပါတယ်


လေးစားလျက်
တောင်ပေါ်သား

rose of sharon Sunday, December 06, 2009 9:22:00 AM  

လေးစားစရာကောင်းတဲ့ မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင် ဆရာမ အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ပါစေ.......

busymozzee Sunday, December 06, 2009 9:50:00 AM  

လေးစားစရာ ကောင်းတဲ့ ဆရာမကို ဦးညွတ်ပါတယ်...

ခြေလှမ်းသစ် Sunday, December 06, 2009 10:07:00 AM  

လူသားမျိုးနွယ်စု တခုလုံးအတွက် ရှေ့ရှုပြီး အလုပ်လုပ် ပေးနေတဲ့ ဆရာမစင်သီယာမောင်လို လူမျိုးကို အရမ်း လေးစားမိပါ၏ သူလူ လူမျိုးများ နောက်ထပ် အများကြီး ပေါ်ပေါက်လာပါစေလို့ ဆုတောင်းမိပါ၏

မမသီရိ Sunday, December 06, 2009 11:18:00 AM  

သူ့ကိုလေးစားတယ်

~ဏီလင်းညို~ Sunday, December 06, 2009 12:33:00 PM  

ကွိကွိစ်ရေ...
လေးစား... အားကျစရာကောင်းတဲ့ ဆရာမကြီးအကြောင်းကို ဖတ်ရတာ ကျေးဇူးပါပဲဗျာ...။
တစ်ကယ်ပါ...။

ခင်မင်တဲ့
ဏီလင်းညို

အနမ်း Sunday, December 06, 2009 4:34:00 PM  

လေးစားရတဲ့ဆရာမကြီးအကြောင်းကိုလေးလေးစားစား ပို့ စ်ရေးထားလို့ လေးစားမိပါတယ် ဖွားကိရေ....

ကိုလူထွေး Sunday, December 06, 2009 4:36:00 PM  

ဆရာမကြီးရဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်များကတော့ အတုယူ လေးစားစရာပဲ...

မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာရွှင်လန်းစေဖို့ ကိကီနဲ့ထပ်တူ ဆုတောင်းအပ်ပါတယ်...

Nge Naing Sunday, December 06, 2009 4:45:00 PM  

kiki ရေ
ဆရာမစင်သီယာ အနှစ် (၅၀) ရွှေရတု မွေးနေ့ကို အတူတူ လာဆုတောင်းပေးသွားပါတယ်။

လသာည Monday, December 07, 2009 1:11:00 AM  

ဆရာမကြီးကို လေးစားအားကျမိတယ်

thawzin Wednesday, December 09, 2009 4:43:00 AM  

ဒါကတော့ ဒုတိယအကြီး ဒီပို့စ်ကို ပြန်မန့်ခြင်းဖြစ်ပါတယ်ဗျာ။ အဲဒီနေ့က သေချာ မန့်ထားပြီးမှ publishလုပ်မှ ဖုန်းထဲထည့်ထားတဲ့ ပိုက်ဆံကုန်တဲ့အကြောင်း မေးလ်ရောက်ပြီးအင်တာနက် ကျသွားရော။ ဒီနေ့ကြတော့ တခြားကွန်နက်နဲ့လာမန့်တာ။ မလွယ်တဲ့အကြောင်းပြောပြတာပါ။ ပို့စ်ကဖတ်ပြီးသားဆိုတော့ ပြန်မဖတ်တော့ဘူး။ ကောင်းမှုတွေကို ကိုယ်ကျိုးမဖက် လုပ်နေသော ဒေါက်တာကြီးကို အစဉ်လေးစားမိပါကြောင်း။ သူဟာ ဘာသာခြားဖြစ်ပေမယ့် ကျွန်တော်တို့ဘာသာအနေနဲ့ သူရဲ့ကောင်းမှုများကို ပတ္တာနုမောဒနာ ကုသိုလ်ရအောင် ဒီပို့စ်ကို ဖတ်ရင်း သာဓုခေါ်ဆိုမိပါကြောင်း။ အခုလို သာဓုခေါ်မိအောင် ရေးတင်တဲ့ အစ်မကြီးကီကိုလဲ ကျေးဇူးတင်ကြောင်း။ ဆရာမကြီး ယခုရွှေရတုနှစ်ပတ်လည်မှသည် နောင် စိန်ရတုမွေးနေ့ဆီအထိ ကောင်းမှုအကျိုး ကောင်းအောင်ကျိုးဆောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP