အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Jan 30, 2010

ပေါက်တတ်ကရ ဝါးကြရာဝယ်...

“အစားအစာ ဝါးစားပါ” တဲ့ ၊ ငယ်ငယ်တုံးက မြန်မာ သင်ပုန်းကြီး ဖတ်စာမှာ သင်အံ ခဲ့ရဖူးပါတယ် ။ဒီတော့ ဝါးတာ ရယ် ၊ စားတာရယ် ဝေါဟာရ နှစ်မျိုးကို တူသယောင်ယောင် နဲ့  ကွဲပြားနေလေမလားလို့ တွေးကြည့်မိလိုက်တယ်။မတူဘူး လို့  ဆိုရမယ် ။“ စား” တယ် ဆိုတာက “ဝါး” ပြီးနောက်ပိုင်း “ မြို ”ချရတဲ့ သဘောပါဆောင်နေတယ် ။(မဝါးပဲ မြိုချတာကျတော့ သောက်တယ် ပေါ့လေး) ) ။ တချို့  အရာ များကျတော့ ဝါးပဲ ဝါးပြီး မြိုချ စားသုံးခြင်း မပြုကြပါဘူး။ ဥပမာ - ကွမ်းဝါးခြင်း ။ ပီကေ ဝါးခြင်း ။ ဒါတွေကိုကျတော့ အဟာရဖြစ်အောင်မှီဝဲခြင်းမျိုး မဟုတ်ပါ ၊ အာသာပြေ အနေနဲ့ သုံးစွဲကြခြင်းလို့ သာ ထင်ရပါတယ် ။ မြန်မာစကားလုံးများမှာလည်း တိမ်မယောင်နဲ့ နက် ကြတာတွေ အများကြီးရှိပါတယ်။

အစားအစာ ဆိုရာမှာ သက်ရှိတို့ ခန္ဓာကိုယ် ကြီးထွား ရှင်သန်ရေး၊ ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လုပ်ဆောင်ရေးအတွက် လိုအပ်သော စွမ်းအင်ဓါတ်များရရှိစေရန် မှီိဝဲဖြည့်တင်းပေးရသော အဟာရ မျိုးဖြစ်ပါတယ်။ အစာ ကို အခြေခံအားဖြင့် ကစီဓါတ် (Carbohydrate ) ၊ အဆီဓါတ် ( Fat)၊ အသားဓါတ် (Protein ) စသဖြင့် အုပ်စုကြီး ၃ စု ခွဲခြား ထားပြီး အခြား ဓါတ်သတ္တု နှင့် ဗီတာမင်များ ( Mineral & Vitamins ) လည်း အနဲငယ်မျှ စီ ပါဝင်ကြပါတယ် ။ ထိုအစားအစာ များကို လိုအပ်တဲ့  အချိုးအဆ အလိုက် မျှတအောင် စားသုံးပေးပါက ကျန်းမာရေးအတွက် အထောက်အကူ ရစေမှာ ဖြစ်တဲ့ အကြောင်း လူတိုင်းလိုလို သိကြမှာပါ ။ ဒါပေမဲ့ ဒီလို အစားအစာ စာရင်းထဲ မှာ ထဲ့သွင်းလို့ မရတဲ့  အရာများကို စားသုံးနေကြတဲ့  လူ နဲ့ သတ္တဝါ များ လည်းရှိကြပါတယ် ။ ဒီလို မစားသင့် မစားအပ်တဲ့ အစားအစာမဟုတ်တဲ့  အရာများ ၊ ဥပမာ ၊ မြေကြီး ၊ ထုံးကျောက်၊ ကျောက်ခဲ၊ မြေဖြူခဲ ၊ ကျောက်မီးသွေးတုံး၊ စက္ကူ ၊ ဖန်စ မှန်စ ၊ သံတိုသံစ ၊ ဒင်္ဂါးစေ့ ၊ ကျင်ကြီး ကျင်ငယ်၊ အညစ်အကြေး အစရှိတဲ့  အရာများကို ထူးထူးဆန်းဆန်း ချဉ်ခြင်းတပ်ပြီး စားခြင်း ဟာ ရောဂါ တမျိုးကြောင့် ဖြစ်ပါတယ် ။ ဒါကို PICA လို့ ခေါ်ပါတယ် ။

ပိုးဟပ်များ ဟာ စာအုပ်တွေ ၊စက္ကူတွေ ၊ကို စားကြတယ် ။ ဝက်များက မစင်ကို ကြုံရင်ကြုံသလို နှစ်ခြိုက်စွာ စားတတ်ကြတယ် ။ ဒါတွေက သူတို့ အများသူငါ စားနေကြပါ ၊ ဒီအရာတွေဟာ အစာအဟာရ မဟုတ်ပေမဲ့ ဒီ ပိုးဟပ် တို့ ၊ ဝက်တို့  မှာ Pica ခေါ်တဲ့  စားသောက်မှုဆိုင်ရာစိတ်ရောဂါ ဖြစ်နေပြီလို့  မဆိုနိုင်ပါဘူး ။
ရှမ်းပြည်နယ်မှာ တွေ့ ဖူးတာ က ပအိုးဝ် ၊ လီရှော ၊လီဆူး ၊ အခါ စတဲ့ တိုင်းရင်းသား လူမျိုးတချို့ မှာလည်း မြေကြီး တမျိုးကို စားလေ့ရှိကြတယ် ။ မြေကြီးနံ့  သင်းသင်းလေး နဲ့ ကျွတ်ဆတ်ဆတ် အတုံးအခဲ တွေကို ဈေးမှာ ရောင်းကြတာလဲ ရှိပါတယ် ။ ဒီလို ပုံစံမျိုး တွေပေါ့ ။ kaolinite ခေါ်တဲ့ ဓါတ်ပေါင်းတမျိုးပါဝင် တဲ့  မြေကြီးခဲပါ။

ပုံမှန် လူတွေကျတော့ ဒီလို ပေါက်တတ်ကရ အစားအစာတွေကို စားလေ့မရှိကြပါဘူး ။ ပတ်ဝန်းကျင်အခြေအနေအရ ၊ ဓလေ့ထုံးစံအရ ဒီလို မြေကြီးခဲများကို တခါတရံမှာ စားကြ သူတွေကိုလည်း ဒီရောဂါ ရှိတယ်လို့ တထစ်ချ သတ်မှတ်လို့ မရပါဘူး ။ ဘာလို့ လည်း ဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ်က မြေငလျင်ဒါဏ်ကြောင့် သေကြေပျက်စီး ဆုံးရှုံးမှု တွေအများကြီး ဖြစ်ခဲ့ တဲ့ ဟေတီ နိုင်ငံရှိ ဒုက္ခသည်များ မှာလည်း ကယ်ဆယ်ရေးများ မရောက်နိုင်တဲ့ နေရာတွေမှာ စားစရာပြတ်လတ် ငတ်မွတ်နေကြတာမို့  ဒီိလို မြေကြီးတွေကို အချပ်ပြားလေးများ ဖြစ်အောင်လုပ်ပြီး ဘီစကွတ်မုန့်သဖွယ် အစားထိုး မှီဝဲနေကြရကြောင်း သတင်းထဲမှာ မြင်လိုက်ရပါတယ် ။ ဒါမျိုးကျတော့လည်း pica ရောဂါလို့  သတ်မှတ်လို့  မရပြန်ဘူးပေါ့ ။

မစားသင့်တာ စားခြင်း ရဲ့  အခေါ်အဝေါ်များ -
* ကစီဓါတ် အစားလွန်ခြင်း ( Amylophagia )
* မစင် အညစ်အကြေး စားသုံးခြင်း ( Coprophagia )
* မြေကြီး၊ ရွှံ့ ၊ ထုံးကျောက်၊ မြေဖြူခဲ ၊ မြေဖြူချောင်း chalk , စားခြင်း ( Geophagia )
* ဖန်စ ၊ မှန်စများ စားခြင်း ( Hyalophagia )
* ချွဲ သလိပ် စားသုံးခြင်း (Mucophagia )
* ကင်ညာ နိုင်ငံ ရှိ ကိုယ်ဝန်ဆောင်များ မှာ မြေအပျော့ တမျိုးကိုစား လေ့ရှိတယ် (Odowa ) လို့ခေါ်ပါတယ်
* ရေခဲတုံး အလွန်အကျွံစားခြင်း ( Pagophagia )
* ဆံပင် ၊ အမွှေး အမျှင် များကို စားခြင်း (Trichophagia )
* ဆီး အညစ်အကြေး စား သောက် ခြင်း ( Urophagia)
* သစ်သားစများကို စားသုံးခြင်း (Xylophagia )
* မိမိကိုယ်ခန္ဓာ အစိတ်အပိုင်း ကို ပြန်စားခြင်း (Self-cannibalism ) Lesch-Nyhan syndrome ခေါ် ရောဂါတမျိုး မှာ တွေ့ ရပါတယ် ။
* ဖီဂျီကျွန်းမှာ ရှိခဲ့ဖူးတဲ့ လူမျိုးစု တွေ မျိုးစုမတူသူများကို သတ်ဖြတ် စားသုံးခြင်း (anthropophagy ) ( ဇာတ်တူသား စားခြင်း လို့  ခေါ်ဆိုရမယ် ထင်ပါတယ် )
ကြားဖူးနားဝ ရှိအောင် တင်ပြပေးခြင်းမျှသာပါ ။

( ပြည်သူ့  ဘဏ္ဍာငွေများမတရား ဝါးမြိုခြင်း ။ မြေပေါ် မြေအောက် သယံဇာတ များ ဝါးမြိုခြင်း ။ စိန် ရွှေ ငွေ ကျောက်သံပတ္တမြား ၊သဘာဝဓါတ်ငွေ့ များ ၊ များအား မတရား ဝါးမြိုစားသောက်ခြင်း ။ ရှိရှိသမျှ စီးပွားရေးလုပ်ငန်းများ ၊ ပါမစ်များ ကို တဦးတည်း သိမ်းကျုံးဝါးမြိုခြင်း ၊ အစရှိသည်တို့၏ အခေါ်အဝေါ် တွေကိုတော့ ရှာလို့ မတွေ့ သေးပါဘူး ။ သိလျှင် ဖေါက်သည်ချ ဝေမျှပေးခဲ့  နိုင်ပါတယ် ။ လောလောဆယ်တော့ ဝိသမဖေးဂျီးယား - Withama- greed phagia လို့ ပဲ ကိုယ့်ဟာကိုယ် အမည်ပေးထား လိုက်ပါတယ်း) ။
[ ဖွားကိ ကို ကီရိပျံချီ ဘွဲ့ ကြီး ပေးလိုသူများ ရှိပါက အားနာစွာ နဲ့ လက်ခံပါမယ် :))...]

အဲ့ဒီလို မစားသင့်တဲ့ အရာတွေကို စားတတ်တဲ့  ရောဂါကို Pica Syndrome လို့ ခေါ်ပါတယ်။ စိတ်ရောဂါ (Physiological Disorder ) တမျိုးကြောင့် ဖြစ်ရတာပါ ။အဲ့ဒါတွေကို ကိုယ်ဝန်ဆောင် မိခင်များ နဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေမှာ အများဆုံးတွေ့ ရပြီး သတ္တုဓါတ် တခုခု ချို့ တဲ့ လို့  ဖြစ်မယ် လို့  ထင်ရပါတယ် ။ သူ တို့ တွေမှာ သံဓါတ် ချို့ တဲ့သော သွေးအားနဲ မှု ၊ အဟာရဓါတ် ချို့ တဲ့ မှုများ ၊ အစာလမ်းကြောင်း ပိတ်ဆို့ မှု များ။မာကျောတဲ့ အရာတွေကို ကိုက်ဖြတ်စားသုံးမှုကြောင့် သွား နှင့် ခံတွင်း ၊အစာလမ်းကြောင်းများ မှာ ထိခိုက် ဒါဏ်ရာရမှုများ ကို တွေ့ရှိ့ ရ တတ်ပါတယ် ။ တချို့ သူတွေဆို ခဲဓါတ် ( Lead ) ပါတာတွေ ကို ရေရှည်စားသုံးကြလို့  ခဲဆိပ်သင့် ပြီး ဦးနှောက်ကို ထိခိုက်စေတတ် ပါတယ်။ ဒါ့အပြင် အုလမ်းကြောင်းမှာ သံကောင်များ တွယ်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ် ။
ကိုယ်ဝန်ဆောင် နေစဉ်မှာ ဒီလို မစားအပ်တဲ့ အရာတွေ စားသုံးခြင်းကြောင့် လည်း မိခင်လောင်းရော ၊ရင်သွေးငယ်မှာပါ အဟာရချို့ တဲ့ပြီး ကိုယ်ဝန်ပျက်ကျခြင်း ၊ ပေါင်မပြည့် လ မစေ့ပဲ စောမွေးခြင်း တို့  ဖြစ်တတ်ပါတယ်။


ဒါကတော့ ၂၀၀၄ ခု အောက်တိုဘာလ မှာ အမေရိကန် Philadelphia ပြည်နယ်ဆေးရုံတခုကိုရောက်လာတဲ့ ဗိုက်နာတဲ့  လူနာ တဦးထံမှ အရေးပေါ်ခွဲစိတ်ထုတ်ယူလိုက်ရတဲ့၊ ဆံပင်မွှေးများ ပြည့်နေတဲ့ အစာအိမ်ထဲမှ အလုံးတခုပါ၊ ၁၃၅၀ ဂရမ် အလေးချိန်ရှိပါတယ် ။ ဒီအလုံး ပိုင်ရှင် Anna လို့ အမည်ရတဲ့  လူနာ မိန်းကလေး က အသက် ၁၆ နှစ် သာ ရှိပါသေးတယ် ။ အဲ့ဒီအချိန်ကျတော့မှ သူ့ မှာ စိတ်ရောဂါ ခံစားနေရကြောင်း သိရတော့တာပါ ။ Trichophagia ပေါ့လေ ။သူမဟာ ၃ နှစ်သမီးအရွယ်မှ စလို့  လူသူမရှိချိန် ည အချိန်များမှာ သူမရဲ့  ဆံပင်မွှေးများကို နှုတ်ယူလေ့ရှိခဲ့တယ် ၊ တဝက်မျှသော နှုတ်ပြီးသားဆံပင်တွေကို ဝါးစားလေ့ ရှိခဲ့တာကို ဘယ်သူမှ သတိမပြု မိပါဘူးတဲ့ ။ သူမရဲ့ ထိပ်မှာတဖြေးဖြေး ပြောင်လာတာကိုတော့ မိဘ သူငယ်ချင်းတွေက သတိထားမိပေမဲ့ အမှတ်တမဲ့ ပဲပေါ့ ။ အစာမကြေ ဝမ်းဖေါ ဝမ်းလျှောခြင်းများ တော့ မကြာခဏ ဖြစ်လေ့ရှိပေမဲ့ ဒီလို ရောဂါ ဆိုတာ မထင်မိကြပါဘူးတဲ့  ။ ဒီ လိုနဲ့ ၁၆ နှစ်အရွယ်ရောက်တော့ တနေ့ မှာ ဝမ်းဗိုက် အကြီးအကျယ် နာပြီး ဆေးရုံရောက်တော့ ဓါတ်မှန် ၊ အာလ်ထရာဆောင်း ၊ ကွန်ပြူတာ ဓါတ်မှန် ။ အစရှိတာ တွေ ရိုက်ကြည့်တော့မှ ဗိုက်ထဲမှာ အလုံးရှိကြောင်းသိရတော့တာပါ တဲ့ ။ ဒီလိုနဲ့ပဲ အရေးပေါ်ခွဲစိတ်လိုက်ရတာပါ ။ ဪ .. တလွဲ ဆံပင်ကောင်း သူတယောက် ပါပဲလား ။
ဒီနေရာမှ ရတဲ့ အကြောင်းအရာပါ။
ကုသခြင်း
စိတ်ကြောင့်ဖြစ်ရတဲ့ ရောဂါမျိုးဆိုတော့ စိတ်ကို ကုရမှာပါ ။ ဆေးအနေနဲ့ ကတော့ စိတ်ကျရောဂါကုဆေးအနေနဲ့ အသုံးပြုလေ့ ရှိတဲ့ -Selective serotonin reuptake inhibitors or serotonin-specific reuptake inhibitor (SSRIs)
အမျိုး အစားတွေကို သုံးရပါတယ်။
ပြီးတော့ စိတ် ကို စိတ် နဲ့ ပြုပြင်ယူရ မှာပါ ။ ပတ်ဝန်းကျင်မှာ ဤသို့  မစားသင့်သော အရာများ အလွယ်တကူ မရရှိနိုင်အောင်ပြုခြင်းဖြင့် ဒီ ရောဂါကုသရာမှာ အထောက်အကူဖြစ်စေပါတယ် ။ ဒါအပြင် သူတို့ ရဲ့  အရသာခံခြင်းအလေ့အကျင့်ကို တခြားသောအနံ့  အရသာ တွေနဲ့ အစားထိုးပေးခြင်းဖြင့်လည်း သက်သာရာ ရစေပါတယ် ။

စာလာ ဖတ်သူ ပရိသတ်ကြီးများ အစားအစာ ကို မှန်ကန်အောင် စားတတ်ကြပါစေ ။ ဝါးချင်သူများ ဝါးမယ် ဆိုလျှင်လည်း ကြာကြာဝါးမဲ့သွား အရိုးကြည့် ရှောင်ကြစေလိုပါတယ် ။
စားကြမယ် ကောင်းကောင်း ၊ ဝါးကြမယ် ကောင်းကောင်း ဆိုသူများလည်း ၊ တပါးသူများဝါးစားဖို့  အတွက်ပါ စဉ်းစား စာနာကြစေလိုပါတယ် ။

၂၀၁၀ မှာ အဟာရပြည့်ဝစွာ စားသုံးနိုင်ကြပါစေ ။

အချက်အလက် တွေကို ဒီနေရာ မှ ရယူပါတယ် ။

19 comments:

နွေဆူးလင်္ကာ Saturday, January 30, 2010 7:38:00 PM  

ဝိသမကို နာမည်ပေးရင် ပြောဦးဗျနော်။

Anonymous,  Saturday, January 30, 2010 7:38:00 PM  

ဟဟား
၁ ကွ

Anonymous,  Saturday, January 30, 2010 7:38:00 PM  

အီဟီးးးးးးးးးးး
မဟုတ်ဖူးတော့

မြစ်ကျိုးအင်း Saturday, January 30, 2010 7:46:00 PM  

ဝိသမဖေးဂျီးယား ကတော့ ကျနော်တို့ဝါးဖို့တောင် ကျန်ပါ့မလား

chocothazin Saturday, January 30, 2010 8:10:00 PM  

မမကိကိရေ လေ့လာမှတ်သားရပါတယ်။

အင်ကြင်းသန့် Saturday, January 30, 2010 8:11:00 PM  

ကီရိပျံချီ မမကိ...
တူညားဒွေဂိုကျတော့ စားနည်းဝါးနည်းဒွေပေးပီးဒေါ့
မမကိကကော အောက်စီဂျင်ဗူးဒွေ ကုန်အောင်စားရဲ့လား
ကုန်ရင်ပြော ထပ်ပို့ပေးလိုက်မယ် အော်ဒါအဆင်သင့်မှာပီးသား....:))

ချစ်ညလေး...

ဝက်ဝံလေး Saturday, January 30, 2010 8:42:00 PM  

မကိ ဖိုရမ်မှာ ဖော်ပြချင်လို့ ဟို ဝိသမ အကြောင်းတော့ ထည့်ဘူးပေါ့လေ ကျန်တဲ့ ဆေးပညာပိုင်းတွေ အကုန်ုထည့်သွားမယ် ဘယ်ဖိုရမ်လဲ သိတယ်နော် ဒါဗြဲ

ဘွက်ပေးပါတယ် ဖွားကိကို လာယူပါ ငှဲငှဲ

ahphyulay Saturday, January 30, 2010 9:12:00 PM  

ဖတ်ရတာတော့  ပေါက်ကရ စားကြသူတွေကို ဆေးပညာ
ရှု့ ဒေါင့် ကနေ သတိပေးထားသလိုပါပဲ။
ဒါပေမဲ့  ကျွန်တော်တို့ ဆီက အမှန်အကန် ပဲဝါးနေတဲ့ 
စားလို့ ရတာ အကုန်စားနေတဲ့  သူတွေဆီ ရောက်သွား
တော့ တာပဲ။
စားလွန်းအားကြီးတော့ လဲ တစ်နေ့  စားပိုးနင့် ပြီး
အန်ထွက်တော့ မှာပါ။

Anonymous,  Saturday, January 30, 2010 10:53:00 PM  

မမကိရေ ။ ဗဟုသုတ ရစရာလေး ဖတ်သွားပါတယ်။ ဒီဆံပင်လုံးလေးရှိတဲ့ ရောဂါသည်မျိုးသာ မြန်မာပြည်မှာသာ ဖြစ်မယ်ဆိုရင် သူများပြုစားလို့ ဗိုက်ထဲ ဆံပင်တွေ ဝင်နေတာပေါ့လို့ ပြောကြတွေးကြမှာနော်။ တပါးပြည်မှာဖြစ်တော့မှပဲ ရောဂါဆန်းတမျိုးမှန်း သိရတယ်။ ဒီလိုပဲ မသိလိုက်ကြဘဲ သိရင်တောင် လက်မခံနိုင်ကြဘဲ ဖြစ်သွားနေရတဲ့ ရောဂါသည်တွေ ဘယ်လောက်များနေပြီလဲ။ မမကိရေ ကျေးဇူးပါ။ ကျန်းမာပျော်ရွှင်ပါစေ။
maylay

မငုံ,  Sunday, January 31, 2010 5:53:00 AM  

ဘွားး..အဲဒီမြေခဲလေးတွေကိုစားရင်ဘာဆိုးကျိုးဖြစ်စေတာလဲ????

Anonymous,  Sunday, January 31, 2010 10:28:00 AM  

ကီရိပျံချီ ဘွားဘွာကိ

း))

မိုးမင်းကြီးလည်း ၀ါးတယ်..စားတယ်..ဒါပေမဲ့ လူတိုင်းစားတဲ့အစာ..။

ဝိသမလိုတော့စားဘူးနော်..ဟဲဟဲ

မိုးမင်းကြီး

လသာည Sunday, January 31, 2010 11:02:00 AM  

ဆေးဗဟုသုတအရမ်းကို ရသွားတယ်.. ကျေးဇူးတင်ပါတယ် ကိကိရယ်
တခါကြီးလည်း ကြားဖူးလိုက်သေးတယ်.. ဖန်ပုလင်းတွေ ၀ါးစားသူဆိုတာလေ.. တော်တော်ထူးဆန်းတဲ့ ချဉ်ခြင်းတွေပဲနော်.. စားနေတုန်း ဘာမှမဖြစ်တာ အံ့သြစရာပဲ။ ဆံပင်စားတဲ့ ကောင်မလေးလည်း စားနေတုန်း လျှာခင်နဲ့ညှိပြီး အစာမျိုမရတာတွေမဖြစ်ပဲ နောက်မှတာ အစာအိမ်ထဲမှာ ပေါင်းတွေ့တာဆိုတော့။
စဉ်းစားကြည့်လေ အံ့သြစရာကောင်းလေ..:D

ရွှေရတုမှတ်တမ်း Sunday, January 31, 2010 12:05:00 PM  

စားပြီးရင်လဲ..သိတ်စားချင်လှတယ်.
မနာလိုမရှိပါနဲ့..အနှစ်၂၀ကျော်စားတာတောင်ခုထိမဝသေးဘူး

ရေတမာ Sunday, January 31, 2010 1:51:00 PM  

စားနေကြတာ ဘာတဲ့ တန်-ဆေး လွန်-ကောင်း များ -ဘဲရီးဂွတ် ဆိုပြီးများ ၀ါးစားနေလား မသိဘူးးP

thawzin Sunday, January 31, 2010 6:59:00 PM  

ဗဟုသုတရပါတယ်ဗျာ။ ရီလဲရီမိပါတယ်။ အဲဒီ ပီဇာဆိုတာကြီး လူတိုင်းမ၀ယ်စားနိုင်ပါစေနဲ့ဗျာ။ ကီရိပြန်ချီမမကီပေါ့နော့်။

အိုက်ခီလောက် Monday, February 01, 2010 11:07:00 AM  

အမား စားတာတော့ စိတ်မဝင်စားပါဘူး
သောက်တာပဲ စိတ်ဝင်စားတာ အဟတ်
သောက်တာဆိုလို့ ငါ့တို့ ဖက်ကလေ
အရက်သောက်ရင် အသားစိမ်းကိုစားတာ
အစာပလာတွေ ထည့်ပြီး အသားကို နုပ်နုပ်စင်းပြီး
အစိမ်းစားတာ
အဲ့ဒါ ရောဂါအနေနဲ့ ဘယ်လိုရနိုင်လည်းဟင်
ပြီးတော့ သွေးစိမ်းစားတာရော ဘာဖြစ်နိုင်မလည်း
သွေးစိမ်းကလည်း ငါ့တို့ ဝက်တွေပေါ်ပြီဆို ချက်ချင်းယူပြီး
ဆားဟင်းချိုမှုန့် ငရုတ်သီးမှုန့် တွေ ဘာညာရောထည့်ပေါ့ဟာ
ပြီးတော့မှ သွေးထည့်ထားတဲ့ အိုးလေးကို ရေထဲတစ်ဝက်လောက် စိမ်ပြီးဖြေးဖြေးမွှေပေးလိုက်တာ
အခဲဖြစ်သွားရော ပြီးတာနဲ့ စားတာ ကောင်းမှန်းတော့သိတယ် ရောဂါအနေနဲ့ ဘာဖြစ်တယ်ဆိုတာ ပိုစ့်တစ်ခုအနေနဲ့ တင်ပေးပါ
တောင်းဆိုပါတယ် အမားးးးးးးးးးးးးးးးးးး ရယ်

kiki Monday, February 01, 2010 3:02:00 PM  

ငမူးးးးးးးး ရယ်..
နင့်ဝက်ကြီးက ဘာရောဂါတွေရှိမှန်း ငါလည်းမသိ ၊
နင့်ဝက်သွေးထဲ ဘာပိုးတွေပါမှန်း လည်း ငါမသိ ။
ပေါက်တတ်ကရ ဝက်ရဲ့  ပေါက်တတ်ကရ သွေးတွေကို ပေါက်တတ်ကရ လို ဝါးရင်တော့ ..ပေါက်တတ်ကရ ရောဂါတွေ ဖြစ်မယ် ထင်တယ် ဟဲ့ . . ဒါပဲ..
နောက်ဆို ပေါက်တတ် ကရ တွေ မမေးနဲ့... တော်ကြာနေ ဝက်ဘီပိုး ဝက်အေပိုးတွေ ပေါ်လာရင်တော့ တရားခံ နင်ပဲ ငမူးးးးးး ..း))

Nge Naing Tuesday, February 02, 2010 1:50:00 PM  

ဝိသမဖေးဂျီးယား - Withama- greed phagia ရောဂါကိုဖေါ်ထုတ်ပြီး ကုလည်း ကုနိုင်ရင် kiki ပါရဂူဖြစ်ပြီ။

Anonymous,  Sunday, February 07, 2010 3:08:00 PM  

[B]NZBsRus.com[/B]
Escape Sluggish Downloads Using NZB Files You Can Quickly Search High Quality Movies, Console Games, MP3 Albums, Software and Download Them at Dashing Speeds

[URL=http://www.nzbsrus.com][B]Newsgroup[/B][/URL]

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP