အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ [ တက္ကသိုလ်ဘုန်းနိုင် ]

မချစ် မမုန်း၊ အကောင်းဆုံး

မချစ် မမုန်း၊ အကောင်းဆုံး ။

ချစ်သောသူတို့ နှင့်လည်းမပေါင်းလင့်၊မုန်းသောသူတို့ နှင့်လည်းမပေါင်းလင့် ။ချစ်သောသူတို့ ကိုမမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ ကိုမြင်ရခြင်းသည်လည်းဆင်းရဲ၏။ ထို့ ကြောင့် လူကိုဖြစ်စေ၊ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ ။ ချစ်ခင်စွဲလန်းဖွယ်တို့ နှင့် ကွေကွင်းရခြင်းသည်လည်း မကောင်းသည်သာတည်း။ချစ်ခြင်း မုန်းခြင်းမရှိသောသူတို့ အား အနှောင်အဖွဲ့ တို့ သည် မရှိကြကုန် ။
(ဓမ္မပဒ ၊ ဝိယပဂ် ၊ တယောဇန ပဗ္ဗဇိတ ဝတ္ထု )

Feb 4, 2010

သွေး....


“သင့်သွေးဖြင့် အသက်ကယ်ပါ” ။“ သွေးတစ်စက်၊ အသက်တစ်ချောင်း” ဆိုတဲ့  အတိုင်း တန်ဖိုးရှိလှတဲ့  ဒီသွေး ။ “ကိုယ့်သွေး ကိုယ့်သား” ဆိုတဲ့ စကားအရတော့ ကိုယ့်ဖက်ကိုယ်တွေး ၊ အရေးပေး သလို၊ အဓိပ္ပါယ် အမျိုးမျိုး ပေးဆောင်နိုင်တဲ့  ဒီသွေး ။ “ ဇာတိသွေး ဇာတိမာန် ” ၊ အရေးကြီးက သွေးစည်းကြ ” ဆိုပြီး ကိုယ့်လူမျိုး ဘာသာ သာသနာ ကို လှုံ့ ဆော်ပေးနိုင်တဲ့ ဒီသွေး ။ဘယ်လိုပဲ ပြော ပြော သွေး က အရေးကြီးလှသည် ။ မလိုအပ်ပဲ မြေကျ ခဲ့ရသည့် သွေးများ အတွက် အလွန် ကြေကွဲ နှမြော စရာ ကောင်းလှသည် ။ဆရာမကြီး ဂျာနယ်ကျော် (ဒေါ်) မမလေး ရဲ့  “ သွေး ” ဝတ္တုကြီးကဲ့သို့  ဇာတ်လမ်း တပုဒ်ကိုလည်း အမှတ်ရမိပါသေးသည် ။ သွေးအကြောင်းပြောရလျှင် ကိုယ့်အရေး ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေး မှစ၍ အလွန်ပဲ ကျယ်ပြန့် သွားနိုင်ပါသည် ။ ဒီတော့ အသက်ကယ်မည့်  သွေး ရဲ့  အရေးကြီးပုံ နှင့် သွေးလှူခြင်း အကြောင်း ကိုသာ ပြော ပါမည် ။

လူတဦး၏ကိုယ်ခန္ဓာအတွင်း လှည့်ပတ် စီးဆင်းနေသော သွေးပမာဏမှာ ၅လီတာ မျှရှိသည် ။မိမိကိုယ်ခန္ဓာ အလေးချိန်၏ ၈ % မျှ ဟု အကြမ်းဖြင်း တွက်ယူနိုင်ပါသည်။

သွေး အုပ်စု အမျိုးအစား ။
အဓိက ၄ မျိုး ရှိပါသည် ။ A , B ,AB , O ( အေ ။ ဘီ ၊ အေဘီ နှင့် အို ) စသည်တို့ ဖြစ်ပြီး ၊ ၄င်းတို့ ကို မျောက်သွေး ခေါ် Rh ( Rhesus) အမျိုးအစား + / - နှင့် တွဲပြီး ဖေါ်ပြရသည် ။

သွေး၏ လုပ်ငန်းတာဝန်များနှင့် အရေးကြီးပုံ ။
သွေးထဲတွင်
(၁) သွေးနီဥ( Red Blood Cell ) ၊
(၂) သွေးဖြူဥ(White Blood Cell ) ။
(၃) သွေးဥမွှား( Platelet ) ။
(၄) သွေးရည်ကြည် ( Plasma) စသဖြင့်ပါဝင်သည် ။

၎င်းတို့ တွင် အရေးကြီး တာဝန်ကိုယ်စီ ရှိကြသည်။
သွေးထဲတွင် ခန္ဓာကိုယ် ဇီဝကမ္မ လုပ်ငန်းများအတွက် လိုအပ်သော အောက်စီဂျင်နှင့် အာဟာရ ဓါတ်များကို သယ်ဆောင်ပေးသည်။ မလိုအပ်တော့သော ကာဘွန်ဒိုင်အောက်ဆိုဒ်ပါဝင်သည့် သွေးညစ် နှင့် လိုအပ်သော အောက်စီဂျင် ဓါတ် ပါသည့် သွေးသန့်  ကို အဆုပ်ထဲတွင်လဲလှယ်ပေးသည်။မလိုအပ်သော အညစ်အကြေး အဆိပ်အတောက်များကို အသည်းနှင့် ကျောက်ကပ်တို့ မှ စွန့် ပစ်စေနိုင်ရန် သယ်ဆောင်ပေးသည်။

(၁) သွေးနီဥမှာ သွေးပမာဏ ၏ ၄၀ % ရှိပြီး သက်တမ်း ၁၂၀ ရက်ထိ ကြာအောင်ရှင်သန်နိုင်သည် ။ သွေးနီဥထဲရှိ ဟေမိုဂလိုဘင် ကိုကြည့်ပြီး (အကြမ်းအားဖြင့်) သွေးအားနည်းခြင်း ( Anemia) ရှိ မရှိ ဆုံးဖြတ်နိုင်သည် ၊ သွေးအားနည်းခြင်းမှာ သွေးပေါင်ချိန် နည်းခြင်း နှင့်မတူပါ။ပုံမှန်လူ တဦးအတွက် ဟေမိုဂလိုဘင်မှာ (ကျား)13.6 - 17.7 g/dl နှင့် (မ) 12.0-15.0 g/dl အတွင်း ရှိသည် ။
( ဓါတ်ခွဲခန်း နှင့် အသုံးပြုသော ဆေးရည် ပေါ်တည်၍ အနည်းငယ် ကွဲပြားသတ်မှတ်ချက်များ ရှိကြသည် ။)

(၂) သွေးဖြူဥ မှာ အရွယ် အစား အကြီးဆုံး ဖြစ်ပြီး သက်တမ်းမှာတော့ တိုသည် ။ ရက်သတ္တ တပါတ် မျှသာ ရှိသည် ။သွေးဖြူဥ အမျိုးအစား ၅မျိုးရှိပြီး သူတို့ ၏တာဝန်မှာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော ရောဂါပိုးများကို တိုက်ထုတ်ပေးသည် ။သွေးတစက်တွင် သွေးဖြူဥဆဲလ် ပေါင်း ၇ ထောင်မှ ၂သောင်းခွဲမျှ ရှိသည် ။ ယူနစ်နှင့်ပြပါက 4000~10000 /microL (မိုက်ခရိုလီတာ) အတွင်းရှိသည်။ရောဂါပိုးများအား ခုခံတိုက်ဖျက်နေရချိန်တွင် သူ၏ပမာဏများပြားလာသည် ။ wbc leukocytosis ဟုခေါ်ပြီး သွေးဆိပ်တက်ခြင်း( Septicemia , Sepsis )ကို သွေးဖြူဥ အဆမတန် များပြားနေခြင်းဖြင့် သိနိုင်သည် ။

(၃) သွေးဥမွှား မှာ အသေးငယ်ဆုံး သွေးဆဲလ် များဖြစ်ပြီး သွေးပမာဏ၏ ၅% မှ ၇ % ရှိသည် ။၎င်း သည် ကိုယ်ခန္ဓာတွင် ထိခိုက်ပြီး သွေးထွက် သောအခါ မှာ ဒါဏ်ရာ၌ သွေးခဲစေပြီး သွေးယိုထွက်ခြင်းကို လျှော့ချပေးသည် ။ ပုံမှန် ပမာဏမှာ တစ်မီလီမီတာ ကုဗ အတွက် သွေးဥမွှား အရေအတွက် ၁သိန်းခွဲမှ ၄ သိန်း အထိရှိသည် ။

(၄) သွေးရည်ကြည် မှာ အ၀ါရောင်ဖျော့ဖျော့ အရည် ဖြစ်ပြီး စေးကပ်ကပ်ရှိသည် ။ သွေးပမာဏ ၏ ၅၅ %ဖြစ်ပီး ရေဓါတ်၊ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟော်မုန်းဓါတ်များ ပေါင်းစပ် ပါဝင်သည် ။ သွေးရည်ကြည်၏ ၉၅ %မှာ ရေဓါတ် ဖြစ်ပြီး ကျန် ၅ % မှာ ဆားဓါတ် ၊ ပရိုတင်းဓါတ် နှင့် ဟိုမုန်းဓါတ် များဖြစ်သည် ။ ထို့ ကြောင့် ၄င်းသည် သွေးပေါင်ချိန်အား ထိန်းညှိပေးနိုင်ပြီး ကိုယ်ခံအားအတွက် လည်း အရေးကြီးသည် ။

သွေးလှူရှင်များ လှူဒါန်းသောသွေးများကို သွေးလှူဘဏ်တွင် စနစ်တကျ ဓါတ်ခွဲခြင်း၊ ကူးစက် ရောဂါ များ ပါ မပါ စမ်းသပ်ခြင်း လုပ်ရသည် ။ ထို သွေး တချို့ အား နဂိုသွေး( whole blood ) အတိုင်း ထားပြီး ၊ အချို့ အား သွေးနီဥ ၊သွေးဖြူဥ ။ သွေးဥမွှား၊ သွေးရည်ကြည် တို့ အဖြစ် သပ်သပ်စီ ခွဲခြား ကာ သတ်မှတ်ထားသည့် အပူချိန် ၌ သိုလှောင်သိမ်းဆည်း ထားပြီး ၊ သက်တမ်းမကုန်ဆုံးမီ အတွင်း လိုအပ်သော လူနာများထံ ပေးပို့ ရသည်။

- သွေးနီဥကို သာမာန်အခြေအနေတွင် ၄၂ ရက်တိတိ သိုလှောင်ထား၍ ရသည်။
- Cryopreservation နည်းဖြင့် အေးခဲထားသော သွေးနီဥ (Frozen RBC) များအား အများဆုံး ၁၀ နှစ်ကြာမျှ သိမ်းဆည်းထားနိုင်ပါသည် ။
- သွေးဥမွှား မှာ ကြာရှည် အသိမ်းမခံပဲ ၅ ရက်အတွင်း အသုံးပြုရသည် ။ သွေးဥမွှား အလွန်နည်းပါးစေသော သွေးကင်ဆာနဲ့ အသည်းကင်ဆာရောဂါ အသည်းခြောက်ရောဂါများအတွက် အသုံးပြုပါသည် ။
- အေးခဲထားသော သွေးရည်ကြည် ( Fresh Frozen Plasma ) အား ၁ နှစ်တိတိ သိုလှောင် ထား နိုင်ပါသည် ။

မည်သူတွေ သွေးလှူနိုင်သလည်း ။


ကျန်းမာသန်စွမ်းပြီး ကူးစက်ရောဂါ မရှိသော သူတိုင်း သွေးလှူ နိုင်ပါသည် ။အခြေခံ သတ်မှတ်ချက် တချို့ တော့ ရှိပါသည် ။
သွေးလှူ သူ (Donar) နှင့် သွေးလက်ခံသူ( Recipient ) တိုင်းကို သွေးလှူခြင်း ၊သွေးသွင်းခြင်းမပြုမီ စမ်းသပ်စစ်ဆေးရပါသည် ။
သွေးလှူမည့်သူတိုင်းအား သွေးပေါင်ချိန်၊ ကိုယ်အလေးချိန် ၊ ကိုယ်အပူချိန်၊ အသက်ရှုမှု ၊ နှလုံးခုန်မှု ၊တိုင်းထွာစမ်းသပ်ရသည် ။ သတ်မှတ်စံညွန်း မပြည့်က သွေးမလှုနိုင်ပါ ။

-အသက်အရွယ်အားဖြင့် ၁၇ နှစ်ပြည့်ပြီးသား မှ အသက် ၆၀ အရွယ်ထိ ၊
-ကိုယ်ခန္ဓာ အလေးချိန် ၄၅ ကီလိုဂရမ် (၁၁၀ ပေါင် )အထက်ရှိ သူများ။
-သွေးပေါင်ချိန် ၁၁၀/၆၀ မှ ၁၆၀/၉၀ အတွင်းရှိသူများ ဖြစ် ရပါမည် ။
-ကူးစက်ရောဂါများ ဆိုသည်မှာ အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး ၊ HIV ပိုး ။ကာလသားရောဂါ ( ဆစ်ဖလစ် ပိုး) ၊ ငှက်ဖျားပိုး အစရှိသည်များကို အဓိကထားပြီး ကင်းရှင်းသူများမှသာ သွေးလှူသင့်သည် ။
အချို့ နိုင်ငံများတွင် နိုင်ငံအလိုက် တွေ့ ရှိရသော ကူးစက်ရောဂါ များ ကိုလည်း သွေးမလှူသင့်သော အမျိုးအစားထဲတွင် ထဲ့သွင်းသတ်မှတ်ထားပါသည် ။ ဥပမာ ဥရောပ နိုင်ငံ UK တွင် bovine spongiform encephalopathy (BSE, နွားရူးရောဂါ ပိုးတမျိုးကြောင့်ဖြစ်သော ဦးနှောက် ပိုးဝင်ခြင်း ရောဂါ )အပါအဝင် variant Creutzfeldt-Jakob Disease (vCJD) ရောဂါ ရှိသူများ သွေးမလှူရပါ ။

-ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကာကွယ်ဆေးအချို့ ထိုးထားသူများ သွေးမလှူ ရပါ ။ ဥပမာ ၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး (HBV vaccine ၊ Engerix-B,Recombivax HB စသည်တို့ ) ထိုးထားသူများ ၂ပါတ် အတွင်း သွေးမလှူရပါ ။ ဝက်သက် ၊ပါးချိတ်ယောင် ၊ဂျာမန်ဝက်သက် [ Measles, Mumps, Rubella (MMR) ] ကာကွယ်ဆေး ထိုးထားသူများ တစ်လ အတွင်း သွေးမလှူရပါ ။

သွေးလှူရန် ကြောက်နေကြပါသလား ။

သွေးလှူ ရန် မဝန့် မရဲ ဖြစ်နေသူများ အတွက် အောက်ပါ အကြောင်းအရာများ ကို ဆက်လက် ဖတ်ရှူခြင်းဖြင့် သံသယများကို ရှင်းလင်းနိုင်ပါသည် ။

*- သွေးလှူခြင်းဖြင့် အလှူရှင်အား ရောဂါများ ကူးစက်ဝင်ရောက်မှု မရှိနိုင်ပါ ။ အကြောင်းမှာ ပိုးကင်းစင်သော တခါသုံးအပ်များ အသုံးပြု ပြီး သွေးကိုထုတ်ယူခြင်း ၊သွေးဖေါက်မည့် နေရာတဝိုက်ကို ပိုးသတ်ဆေးဖြင့် စနစ်တကျ ဆေးကြော ပြီးမှ သွေးဖေါက်ယူခြင်း တို့ ကြောင့်ဖြစ်သည်။

*- သွေးလှူခြင်းကြောင့် နေထိုင်မကောင်း မအီမလည်ဖြစ်ခြင်း မရှိပါ ။ အကြောင်းမှာ သွေးမလှူမီ ထိုသူ၏ သွေးပေါင်၊ နှလုံးခုန်မှု ၊ အပူချိန် တက်မှု ၊ အစရှိသည်တို့ ကို စစ်ဆေးပြီး သင့်တော်မှသာ သွေးလှူစေပါသည်။ ချွင်းချက် အဖြစ် -အချို့ သူများ သွေးလှူအပြီး သွေးပေါင်ချိန် အနည်းငယ်ကျခြင်း ။ မူးဝေခြင်းများရှိတတ်သည် ။ သို့ ဖြစ်ပါ၍ သွေးလှူပြီး ပြီးချင်း လျှင်မြန်စွာ မတ်တပ်ရပ်ခြင်း မပြုပဲ အချိန်အနည်းငယ်မျှ လဲလျှောင်း အနားယူသင့်သည် ၊

*-တကြိမ်တွင် သွေးပမာဏ များပြားစွာ ဖေါက်ယူခြင်းမရှိပါ ။
သွေးပေးလှူခြင်းမှာ တကြိမ်တွင် ၂၅၀ မှ ၃၀၀ မီလီ လီတာ(စီစီ) မျှသာ ထုတ်ယူခြင်းဖြစ်ပါသည် ၊ အနောက်နိုင်ငံများ၏ စံညွန်းဖြစ်ပြီး တချို့ နိုင်ငံများတွင်တော့ ကိုယ် အလေးချိန်ပေါ်တည်ပြီး ၄၀၀ စီစီ အထိ ထုတ်ယူကြပါသည် ။
သွေးတအိတ်တွင် ၅၀၀ စီစီ ရှိသည်ဆိုသော်လည်း၊ ၇၀ မှ ၁၀၀ စီစီ မှာ သွေးမခဲဆေး ဖြစ်သော ဆေးရည် ( Trisodium citrate, Citrate Phosphate Dextrose (CPD) anticoagulant ) ထဲ့ သွင်းထားခြင်းဖြစ်၍ လိုအပ်သော သွေးပမာဏမှာ ၄၀၀ စီစီ မျှသာ ဖြစ်ပါသည် ။ ပုံမှန်လူတဦးအတွက် ၄င်းသွေးပမာဏအား ရက် အနည်းငယ် အတွင်း ခန္ဓာကိုယ် ရိုးတွင်းခြင်ဆီ မှအလိုအလျှောက် ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။
သွေးရည်ကြည် ကို ၂ ရက်မှ ၃ ရက်အတွင်း ၊ သွေးနီဥကို ၂၅ ရက်မှ ၅၉ ရက်အတွင်း ပြန်လည်ဖြည့်ဆည်း ပေးနိုင်ပါသည်။

*-သွေးဖေါက် ရာတွင် အလွန် အမင်း နာကျင် မည်လား ။
သွေးထုတ်ယူသော အပ်မှာ 18 gauge အရွယ်အစားဖြစ်ပြီး သာမန် ဆေးထိုးအပ်ထက် အနည်းငယ် ပို၍ ကြီးပါသည် ။ သို့ အတွက် ပိုပြီး နာကျင်မည်တော့ မဟုတ်ပါ ။ သွေးလိုအပ်နေသော လူမမာ များ၏ ဝေဒနာ နှင့်စာလျှင် မပြောပလောက်ပါ ။ ကျောက်ကပ်ဆေးနေရသော လူမမာများမှာ တပါတ်လျှင် ၃ ကြိမ် ၊ ၁ကြိမ်မှာ ထိုထက်ကြီးသော အပ် 16 gauge ဖြင့် ၂ နေရာတွင် အဖေါက်ခံပြီး ကုသမှုခံယူနေကြရပါသည် ။ အချို့ သွေးရောဂါသည်များ ၊ ကင်ဆာရောဂါသည် များမှာလည်း ထိုအပ်ကြီးများဖြင့် မကြာခဏ ထိုးဆွခြင်း ခံယူနေကြရပါသည်။ ဤသို့  စာနာကြည့်ခြင်းဖြင့် သင့်နာကျင်မှုကို လျှော့နည်းစေပါမည် ။ သွေးလိုနေသူများ၏ အသက်ကို သင် ကယ်တင်နိုင်လိုက်ပြီဟု ဝမ်းမြောက်စိတ်ပွားခြင်းဖြင့်လည်း နာကျင်မှု နည်းပါးစေနိုင်ပါသည်။

*- သွေးလှူခြင်းဖြင့် အလွန် ဝ လာမည်လား ။
သွေးလှူခြင်းသက်သက် ကြောင့်တော့ ဝ ခြင်းမဖြစ်ပါ ။ သွေးလှူပြီးနောက် အစာအဟာရ အထူးတလည် ဖြည့်တင်းပေးရန်မလိုပါ ။ ပုံမှန်အတိုင်း သင့်တင့်စွာ စားရုံ ဖြင့် လုံလောက်ပါသည် ။ သွေးလှူပြီးနောက် ပို၍ပင် ပေါ့ပါးလန်းဆန်းပြီး နေထိုင်ကောင်းသည် ဟုပင် သွေးလှူဖူးသူများက ပြောကြသည်။

*- ဘယ်လောက်ကြာလျှင် နောက်ထပ်တကြိမ် သွေး လှူနိုင်မည်လည်း ။
နိုင်ငံများ၏ ကျန်းမာရေး ဌာနအလိုက် စံချိန်စံညွှန်းသတ်မှတ်ချက် အနည်းငယ် ကွဲပြားနိုင်ပါသည် ။ အကြမ်းအားဖြင့်ဆိုရလျှင်..
Whole Blood လှူသူများ အနည်းဆုံး ၅၆ ရက်ခြားလျှင် နောက်တကြိမ် လှူနိုင်သည် ။
Plasma သွေးရည်ကြည် လှူသူများ ၄၈ နာရီ ခြားပြီး နောက်ထပ်တကြိမ် လှူနိုင်သည်။ ( တပါတ်လျှင် ၂ကြိမ်မျှ လှူနိုင်သည်။ )။
သွေးဥမွှား Platelet လှူသူများ တစ်နှစ်လျှင် အများဆုံး ၂၄ ကြိမ် ထိ လှူနိုင်ပါသည် ။( တစ်လ လျှင် ၂ ကြိမ် နှုန်း ထိ)

***သို့ ပါ၍ သွေးလှူ ခြင်းအား ကြောက်စရာ မလိုပါ ***

တချို့  အချက် အလက်များကို ဒီနေရာ (၁) (၂ ) မှ မှီငြမ်း ပါသည်။


ကွယ်လွန်သူ ဆရာကြီး အဘဦးသုခ ၏ လမ်းညွှန်မှုဖြင့် နာရေးကူညီမှု အသင်းကြီးမှ တည်ထောင်ထားသော “ သုခကုသိုလ်ဖြစ် ဆေးခန်း” မှ သွေးလိုအပ်နေသူများအား အခမဲ့ ကူညီဆောင်ရွက်ပေးနေသော အောက်ပါ သတင်းတပုဒ်ကို ဖတ်မိအပြီး မွန်မြတ်လှသော သွေးလှူခြင်း အတွက် တဖက်တလမ်းမှ ပါဝင်လိုသော စိတ်ဖြင့် ဤစာကို ရေးပါသည် ။



ဤ နေရာမှ ရသော သတင်းဖြစ်ပါသည်။

သွေးလှူခြင်းသည် အလှုတကာ့ အလှူထဲတွင် အမွန်မြတ်ဆုံး အလှူ ဖြစ်မည်ဟုထင်ပါသည် ။ သွေးလှူခြင်းဖြင့် ကုသိုလ် ယူနိုင်ကြပါစေ ။ သင့်သွေးဖြင့် အသက်ကယ်ကြပါ ...
ဤ စာလေးအား ဖတ်ပြီး သင့်ထံမှာ သွေးလှူလိုစိတ် လေး အနည်းအကျဉ်းမျှ ရှိလာပြီ ဆိုပါက ရေးရကျိုး နပ်ပါသည် ။ ကျေးဇူးတင်ပါသည် ။ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။

(ကိကီ)

19 comments:

Craton Thursday, February 04, 2010 9:20:00 PM  

ဖတ်သွားမှတ်သွားပါသည်။
လှူလည်းလှူချင်ပါသည်။
ကျန်းမာလာသည့်တစ်ချိန်ချိန် လှူပါမည်။

ဝက်ဝံလေး Thursday, February 04, 2010 10:37:00 PM  

လှူချင်ပါတယ် ဒါပေမယ့် ဟိ မလှူဖူးဘူး သိလား

အနမ်း Friday, February 05, 2010 12:06:00 AM  

ဖွားကိ သွေးအား အလှူခံပါသည်။း)))
အမြန်ဆက်သွယ်ပါ။ ဖုန်း ၀၀၁၂၃၄၅၆၇၈၉၀၀

kiki Friday, February 05, 2010 12:51:00 AM  

လှူမလို့ ပဲ မအနမ်းရေ ။ လှူချင်တာပေါ့.. ဒါပေမဲ့ သိတယ်ဟုတ်..ကိုယ့်ရောဂါ နဲ့ ကိုယ်ဆိုတော့ လှူလို့မရဘူး တဲ့ ။း((

thawzin Friday, February 05, 2010 5:47:00 AM  

သွေးအလှူဟာ ဇီဝိတဒါနလဲမြှောက်ပါတယ်ဗျာ။ လှူလဲလှူချင်ပါတယ်ဗျာ။ မြန်မာနိုင်ငံပြန်ရောက်ရင် အဲလိုမျိုးလေးတွေ ငွေကြေးဓနမပါတဲ့ မွန်မြတ်တဲ့ င်္ဇီဝိတဒါနလေးတွေကို လုပ်ဖို့လဲ စိတ်ကူးရှိပါတယ်။ ကမ်းသောလက်တို့ပိုက်နိုင်ကြစေ...
ပိုက်နေသောလက်တို့ကမ်းလှမ်းနိုင်ကြပါစေ...

ahphyulay Friday, February 05, 2010 7:18:00 AM  

ဗရားဗိုးပဲ မမကီရေ့ .....
ကြိုဆိုပါတယ် ။ သွေးလှုခြင်းကို ။
မွန်မြတ်လွန်းလို့ ပါ။ ကိုယ့်  ရဲ့ သွေးနဲ့  တပါးသူ ကို
ဆက်လက်ရှင်သန် နေစေခြင်းဟာလဲ တကယ့်  အနှိုင်းမဲ့ 
ပါပဲဗျာ။ ဗမာ ပြည်မှာ အနှိုင်းမဲ့  စွန့် လွှတ် စွန့် စားရင်း
ကျောမွဲ များကို ကူညီနေတဲ့  ကိုကျော်သူ တို့  ဦးဆောင်
နေတဲ့  အတွက် ပိုလို့ တောင် ကူညီသင့် ပါတယ်လို့ ။

Nge Naing Friday, February 05, 2010 8:57:00 AM  

kiki ရေ ဒီပို့လေးအတွက် သာဓုခေါ်သွားပါတယ်။ သွေးကတော့ လှူချင်တာ နှစ်ယောက်မရှိဘူး ဒါပေမဲ့ ကျွန်မက ရေသောက် သိပ်နည်းပြီး သေးပေါင်ချိန် ၉၀/၆၀ က ပုံမှန်လို ဖြစ်နေတယ်။ အလွန်ဆုံးရှိတာ ၁၀၀/၆၀ ပဲ ဒီထက် တခါမှ မတက်ဘူး။

တောင်ပေါ်သား Friday, February 05, 2010 9:40:00 AM  

သွေးအကြောင်း သေချာဖတ်သွားပါတယ် ဖွားကီ တကယ့်ကို တန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲ စကားမစပ် ကျနော်တို့ မြန်မာတွေ သွေးက ရဲတယ် ရဲတယ် အော်နေကြတာ ဘယ်သူ့သွေးကကော ဖြူနေလို့လဲ မသိဘူးနော့် အဟေးးးးးးး


လေးစားလျက်
တောင်ပေါ်သား

လသာည Friday, February 05, 2010 11:51:00 AM  

သွေးလှူခြင်းအကြောင်း အခုလို သေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ တကယ့်ကို ဗဟုသုတရတဲ့ ပိုစ်လေးပါပဲ။
သွေးမလှူဖူးဘူး။ တခါလောက်တော့ လှူကြည့်ချင်သား..။
ကျောင်းမှာ သွေးအလှူခံတာနဲ့ကြုံလို့ လှူမယ်လို့ စာရင်းသွားပေးတော့ သွေးပေါင်ချိန်အားနည်းလို့ မလှူပါနဲ့ဦးတဲ့.. "D"

မငုံ,  Friday, February 05, 2010 4:12:00 PM  

ဘွားး သွေးလှူချင်တယ်။ ဒါပေမဲ့ အချက်အလက်တွေနဲ့ မပြည့်နေဘူး။ သွေးလှူရှင်တွေကို သဘောကျတယ်။

ကိုချစ်ဖေ Friday, February 05, 2010 4:14:00 PM  

သွေးအကြောင်းနဲ့ပတ်သက်ပြီး ဆက်ရေးပါဦး သွေးလှုတိုင်း နှလုံးကနေအောင့်တာခံစားရသူတွေကော လှုသင့်ပါသလား မြန်မာပြည်မှာ သုခကုသိုလ်ဖြစ်ဆေးခန်း လိုမျိုး များများပေါ်လာပါစေဗျာ.သွေးလှုသူများလဲ များပြားနိုင်ပါစေ.မကိလည်း သွေးအကြောင်း သားအကြောင်း ဘာကြောင်းညာကြောင်း များများရေးနိုင်ပါစေဗျာ..

နွေဆူးလင်္ကာ Friday, February 05, 2010 8:07:00 PM  

ကျနော်က အေဘီသွေးဆိုတော့ ကပ်စေးနဲသွေးတဲ့ ဟုတ်လားဗျ။

kiki Saturday, February 06, 2010 12:46:00 AM  

ကိုချစ်ဖေ -----> နှလုံးနေရာမှာ အောင့်တိုင်းလဲ နှလုံးရောဂါ ဟုတ်ချင်မှ ဟုတ်မှာပါ ..တချို့  အစာအိမ် ..အစာမျို ပြွန်ယောင်ရမ်းသူတွေလဲ အလားတူ အောင့်တတ်ပါတယ် ။ ဒီတော့ တကယ်ပဲ နှလုံးရောဂါ ဟုတ် မဟုတ်က ဆရာဝန် နဲ့စစ်ဆေးကြည့်ဖို့ လိုပါတယ် ။ တကဲ့ နှလုံးရောဂါ အခြေအနေ ဆိုး နေရင်တော့ မလှူတာ အကောင်းဆုံးပါပဲ။

ကိုနွေဆူး ---->. အို သွေးကို ဝေသန္တရာ သွေး လို့ ခေါ် ကြရင် အေဘီ သွေးကို ကော်တရာ သွေး လို့  ခေါ်လို့ ရမှာပေါ့ နော် ..

အချိန်ရ မှ ပဲ နောက်ထပ်သွေးတွေ အကြောင်း ရေးပါအုံးမယ် ..

~ဏီလင်းညို~ Saturday, February 06, 2010 10:14:00 AM  

ကွိကွိစ်ရေ...
ကြည့်...သူနာ့ကို စောင်းပြောနေပြန်ပါဘီ...
အေဘီက ကော်တရာသွေးတဲ့လေ...ဟွင်းးးးးး
နာက ကပ်စေးမနဲပါဘူး သံငယ်ချင်းရယ်...တစ်ပြားက သုံးပြားသာခွာချင်တာ...ခိခိ...း)
(ဒီပို့လေးအတွက် ကျေးဇူးပါပဲဗျာ...)
ခင်မင်တဲ့
ဏီလင်းညို

maylay Saturday, February 06, 2010 9:33:00 PM  

မမကိ ပိုစ့်လေးဖတ်ပြီး နားမလည်သေးတာတွေ ရှင်းသွားတယ် မမ။ ကျေးဇူးပါပဲ။ သွေးက တခါပဲ လှူဖူးသေးတယ်။ နောက်ပိုင်း ၄၅ ကီလိုဂရမ်ကို မပြည့်တော့ လက်မခံတာနဲ့ပဲ မလှူရတော့ဘူး။ အလေးချိန်မြန်မြန်ပြည့်အောင် နေပြီးရင် သွေးလှူဖို့ ဆန္ဒရှိပါတယ် မမ။ ဒီဘက်မှာလည်း သုံးလတခါပြည့်မဟုတ်ရင်တောင် ရက်ကြီးခါကြီးတွေ အမှတ်တရနေ့တွေလိုမျိုးမှာ သွေးလှူဖို့ လာခေါ် တိုက်တွန်း ကြိုပို့ဒါန လုပ်ပေးကြတာတွေပါ ရှိတယ်။ သာဓုပဲ ခေါ်နိုင်သေးတယ်။ မမ ကျန်းမာပျော်ရွှင်ပါစေ

Angel Shaper Saturday, February 06, 2010 11:48:00 PM  

အယ် ကြွားရဦးမယ်။
သမီး နှစ်ခါ လှူဖူးတယ်သိလား။
အဘိုး (မဆုံးခင်) ဆေးရုံတက်တုန်းက တစ်ခါ။
ရွှေတိဂုံဘုရားမှာ သွေးလှူအသင်းဝင်ဖူးတယ်။ သူငယ်ချင်းနဲ့ တစ်ခါသွားလှူတယ်။
နှစ်ခါ လှူဖူးတယ်နော် အဟဲ။
လိုအပ်ရင် နောက်ထပ်လဲ လှူချင်ပါသေးတယ်လေ။
စကားမစပ် သမီးက ဘီသွေးနော်။
သွေးလိုအပ်ရင် သမီးကြီးကို ဆက်သွယ်လိုက်နော်။
အဟုတ်ပြောတာ။ ဒီကနေ အီးမေလ်းနဲ့ ပို့လိုက်မယ်။ အဟိ

busymozzee Sunday, February 07, 2010 12:05:00 AM  

ဝေသန္တရာ ဖြစ်နေပါ့လား..... မယ်ကိရေ....
ဒါပေသိ သွေးအားနည်းတတ်သူဆိုတော့... လှူရမှာ ကြောက်တယ်.... တခြားဟာပဲလှူမယ်...

ကိုယ့်ရှေ့မှာ အရမ်းလိုအပ်နေရင်တော့ ဘယ်လောက်ကြောက်ကြောက် လှူဖြစ်မယ် ထင်တယ်နော်.. ဟိဟိ

ကိုလူထွေး Sunday, February 07, 2010 5:12:00 AM  

သွေးအကြောင်း ပိုစ့်တပုဒ်ရေးနေပါသည်။
ပြီးသွားလျှင် ပေးဖတ်မည်...

းD

ဂျူနို Monday, February 08, 2010 5:16:00 AM  

မအယ်တော့ တခါမှ မလှူဖူးဘူး၊ သွေးပေါင်ကလည်း တခါတလေဆို ၈၅/၅၅ မျိုး၊ ကိုယ့်ဖာသာတောင် မူးနေတာ။

ကိလို အီးဒီးရော့ပိုးကြောင့်တော့ မဟုတ်ပါဘူး။

မအယ်

ဖိဂျစ်

ရန်ကုန် အချိန် နဲ့  အပူချိန်

Click for Yangon, Myanmar Forecast

လာလည်သူများ

Website counter

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP